
ချဲလ်ဆီးဂိုးသမား ကီပါကို ပေါင် ၅ သန်းနဲ့ခေါ်ယူလိုက်တဲ့ အာဆင်နယ်
ယခုနွေရာသီအတွင်း အသင်းရဲ့ဂိုးပေါက်ကို အင်အားဖြည့်တင်းဖို့ပြင်ဆင်နေတဲ့ အာဆင်နယ်ဟာ ယခုအခါမှာတော့ ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူခဲ့ပြီး ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅ သိန်းကိုပေးချခဲ့တယ်လို့သိရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ချဲလ်ဆီးဟာ ကီပါကို ဘီလ်ဘာအိုမှ ပေါင် ၇၂ သန်းနဲ့ခေါ်ယူခဲ့တာကြောင့် ကီပါဟာ ကမ္ဘာ့တန်ကြေးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စပိန်သားဟာ ချဲလ်ဆီးမှာနေထိုင်ခဲ့တဲ့ ၇ နှစ်တာကာလအတွင်း စုစုပေါင်း ၁၆၃ ပွဲသာကစားခဲ့ရပေမယ့် ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လက်ရှိအာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက တည်ငြိမ်တဲ့လက်စွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပေမယ့် နည်းပြမီခေးလ်အာတီတာကတော့ ရာယာနဲ့အပြိုင် ဂိုးသမားနေရာကိုစိန်ခေါ်နိုင်ဖို့အတွက် ကီပါကို ထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ နွေရာသီမှာ ကီပါဟာ ချဲလ်ဆီးနဲ့ ၂၀၂၆ ဇွန်လအထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပေမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာတော့ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ကီပါဟာ ဘုန်းမောက်မှာ နံပါတ် ၁ ဂိုးသမားနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ရာသီတစ်လျှောက် ပရီးမီးယားလိဂ် ၃၅ ပွဲအထိကစားကာ ၉ ပွဲအထိ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်သို့အပြီးသတ်ပြောင်းရွှေ့ပြီးနောက် ဆိုရှယ်မီဒီယာမှတစ်ဆင့် ကီပါက "ချဲလ်ဆီးကို ကျေးဇူးတင်ပါတယ်။ မမေ့နိုင်စရာ ၇ နှစ်တာလက်တွဲပြီးနောက်မှာတော့ ကျွန်တော့်ရဲ့အခန်းကဏ္ဍတစ်ခု ပြီးဆုံးခဲ့ပါပြီ။ ချဲလ်ဆီးက ကျွန်တော့်ရဲ့အိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာပဲ ကျွန်တော့်ကစားသမားဘဝ မြင့်တက်ခဲ့ပြီး လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်"
"အိပ်မက်အပြည့်နဲ့ ချဲလ်ဆီးကိုလာခဲ့ပြီး မမေ့နိုင်စရာအမှတ်တရတွေနဲ့ နှုတ်ဆက်ခဲ့ရပါပြီ။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့လိုဆုဖလားတွေဆွတ်ခူးအောင်မြင်ခဲ့တာကို မမေ့နိုင်သေးပါဘူး။ ဒါပေမယ့် အရမ်းတော်တဲ့ကစားသမားတွေနဲ့ အတူတူကစားခွင့်ရခဲ့တာက ပိုပြီးတော့မမေ့နိုင်စရာပါ။ အသင်းရဲ့နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်" လို့ရေးသားခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ဘောလုံးနည်းစနစ်ဆိုင်ရာဝန်ထမ်းတွေဟာ ကီပါအပေါ်မှာ အတော်လေးအထင်ကြီးလေးစားနေခဲ့တာကြောင့် ကာလရှည်စိတ်ဝင်စားနေခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုလို ပေါင် ၅ သန်းဆိုတဲ့ဈေးနှုန်းမှာ ကီပါကို ဥရောပထိပ်သီးကလပ် အတော်များများက လိုချင်ခဲ့ကြပေမယ့် အာဆင်နယ်က လက်ဦးမှုရယူပြီး မြောက်လန်ဒန်သို့ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။