The network connection is lost.

Banner Image

ချဲလ်ဆီးမှ ကီပါ အာရီဇာဘာလာဂါအား ပေါင် ၅ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်တဲ့ အာဆင်နယ်

ကီပါ အာရီဇာဘာလာဂါဟာ အာဆင်နယ်ရဲ့ နွေရာသီ ပထမဆုံး ခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပြီး ဂန်နာတို့က ဂိုးသမားနှင့်ချဲလ်ဆီးတို့ရဲ့ စာချုပ်ပါ ပေါင် ၅ သန်း တန်ကြေးကို ပေးချေခဲ့ပြီဖြစ်ပါတယ်။

ဖာဘရီဇီယိုရိုမန်နို ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ကီပါ၏ ချဲလ်ဆီးနှင့် စာချုပ်ပါ ပေါင် ၅ သန်း တန်ကြေးကို ပေးချေခဲ့ပြီး မကြာမီတွင် စပိန်ဂိုးသမားဟာ အမ်မရိတ်သို့ ရောက်ရှိမှာဖြစ်ပါတယ်။ သူဟာ တစ်နိုင်ငံတည်းသား ဒေးဗစ် ရာယာရဲ့ အရန်ဂိုးသမားအဖြစ် ကစားရမှာ ဖြစ်ပါတယ်။

ဂန်နာတို့က ဘုန်းမောက်မှ နီတိုကို အငှားစာချုပ်အပြီး အပြီးသတ်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းမရှိတဲ့ နောက် အရန်ဂိုးသမားအသစ်တစ်ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ကီပါကိုယ်တိုင်က ၂၀၂၄-၂၅ ရာသီကို တောင်ဘက်ကမ်းရိုးတန်းရှိ ဘုန်းမောက်တွင် အငှားဖြင့် ကစားခဲ့ပြီး အန်ဒိုနီ အီရာအိုလာရဲ့ အသင်းအတွက် ပရီးမီးယားလိဂ် ၃၁ ပွဲတွင် Clean Sheet ရှစ်ကြိမ် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကီပါက ၂၀၁၈ ခုနှစ်တွင် အက်သလက်တစ်ကလပ် မှ ချဲလ်ဆီးသို့ ပေါင် ၇၁ သန်း (ယူရို ၈၃ သန်း/ဒေါ်လာ ၉၆ သန်း) ဝန်းကျင်ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး ဂိုးသမားအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ သို့သော်လည်း သူက စတမ်းဖို့ဒ်ဘရစ်ချ်ရှိ ပထမဆုံး နှစ်ရာသီအတွင်း စွမ်းဆောင်ရည်ပိုင်း ယုံကြည်မှုမရရှိခဲ့ဘဲ ၂၀၂၀ တွင် အီဒူအာ မန်ဒီ ရောက်ရှိလာပြီးနောက် အရန်ခုံသို့ ရောက်ရှိခဲ့ပါတယ်။ ထို့နောက် ရီးရဲလ်မက်ဒရစ်နှင့် ဘုန်းမောက်တို့တွင် အငှားဖြင့် ကစားခဲ့ရပါတယ်။

ကီပါက အာဆင်နယ်ရဲ့ နွေရာသီ ပထမဆုံး တရားဝင်ခေါ်ယူမှုဖြစ်လာမည်ဖြစ်သော်လည်း နည်းပြ မီခယ် အာတီတာက ကစားသမားများ ထပ်မံခေါ်ယူရန် မျှော်လင့်နေပါတယ်။ ဂန်နာတို့ဟာ တိုက်စစ်မှူးအသစ်တစ်ဦးနှင့် ချိတ်ဆက်နေပြီး ဗစ်တာ ဂယိုကရက်စ်ဟာ စပို့တင်း စီပီမှ ထွက်ခွာရန် ကြိုးပမ်းနေတဲ့ အတွက် မြောက်လန်ဒန်သို့ ပြောင်းရွှေ့ရန် အလွန်စိတ်အားထက်သန်နေတယ်လို့ ယူဆရပါတယ်။