The network connection is lost.

Banner Image

လီဗာပူးကစားသမားဘ၀ ဂိုး ၂၅၀ ပြည့်သွင်းယူနိုင်တဲ့ မိုဆာလက်ကို အန်းစလော့ ချီးကျူးဂုဏ်ပြု

အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးကစားသမားဘ၀ ဂိုး ၂၅၀ မြောက် သွင်းယူနိုင်ခဲ့တဲ့ မိုဆာလက်ကို နည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုပွဲစဉ်မှာ မိုဆာလက်က အက်စတွန်ဗီလာဂိုးသမားမာတီနက်ဇ်ရဲ့ဘောလုံးပေးပို့ပုံမှားယွင်းမှုမှတဆင့် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။  အခုသွင်းဂိုးကြောင့် ခက်ခဲတဲ့ဘောလုံးရာသီသစ်စတင်မှုကြုံတွေ့နေရတဲ့ မိုဆာလက်က အီယန်ရှပ်နဲ့ ရော်ဂျာဟန့်တို့ခြေရာအတိုင်း ကလပ်အသင်းသမိုင်းတလျှောက် ဂိုး ၂၅၀ ပြည့်သွင်းယူနိုင်တဲ့ တတိယမြောက်လီဗာပူးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အန်းစလော့က “ မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ ကလပ်အသင်းတစ်ခုတည်းအတွက် မပြောနဲ့၊ ဂိုး ၂၅၀ လောက် သွင်းယူနိုင်မယ်ဆိုရင်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ ဘောလုံးလောကမှာ ဒါမျိုးများများစားစား မတွေ့နိုင်ပါဘူး။ ဒီညမှာ သူသွင်းယူခဲ့တဲ့ဂိုးအပြင် သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်သဘောကျမိတဲ့အချက်က မိုဆာလက်ဟာ တိုက်စစ်ပိုင်းမှာ အကောင်းမွန်ဆုံးလုပ်ဆောင်ရုံသာမက ခံစစ်ပိုင်းကိုလည်း အထောက်အကူပြုပေးခဲ့တယ်ဆိုတာပါပဲ။

ဒီလိုအရာတွေ ပေါင်းစပ်ထားမှုကြောင့် မိုဆာလက်ရဲ့ဒီညပွဲစဉ်စွမ်းဆောင်ရည်ပိုင်းကို ကျွန်တော် သဘောကျမိပါတယ်။ ပြီးတော့ သူ့ရဲ့ဂိုး ၂၅၀ မြောက်ကို သွင်းယူနိုင်လို့ သူ့အတွက်တော့ ထူးရှယ်အခိုက်အတန့်ဖြစ်ပါတယ်။  ဂိုးသွင်းတယ်ဆိုတာ သူအမြဲတမ်းလုပ်နေတဲ့အရာလို့ ကျွန်တော်တို့အားလုံး သိရှိထားတာကြောင့် မိုဆာလက်အတွက်တော့ သိပ်မထူးဆန်းပါဘူး”လို့ ပြောပါတယ်။