အက်ကရင်တန်စတန်လေရဲ့စိန်ခေါ်မှုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ အန်းစလော့
အခုညနေပိုင်း၊ အန်ဖီးလ်မှာ ပရီးမီယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေက လိဂ်တူးကလပ် အက်ကရင်တန်စတန်လေကို ဧည့်ခံကစားချိန် လီဗာပူးနည်းပြအန်းစလော့လည်း အက်ဖ်အေဖလားပြိုင်ပွဲအရသာကို ပထမဆုံးအကြိမ်ခံစားသွားရဖို့ ရှိနေပါတယ်။
အခုပွဲစဉ်အတွက် အပြောင်းအလဲများစွာကို အန်းစလော့ပြုလုပ်သွားမယ်လို့ မျှော်လင့်ရပြီး အဆင့်များစွာကွာဟတဲ့ ပြိုင်ဘက်ရဲ့ အန်ဖီးလ်ကလပ်အတွက် စိုးရိမ်စရာဖန်တီးပေးနိုင်စွမ်းကိုလည်း သူကိုယ်တိုင် သိရှိနားလည်ထားခဲ့ပါတယ်။ သောကြာနေ့၊ ကလပ်အသင်းရဲ့နှင်းထူထပ်နေတဲလေ့ကျင့်ရေးကွင်းအတွင်း မီဒီယာတွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ဒါဟာ ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းတိုင်းအတွက် ထူးရှယ်အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အောက်တန်းလိဂ်မှာကစားနေတဲ့ အသင်းတစ်ခုအတွက်ပေါ့။
အခုပွဲစဉ်အတွက် သူတို့တွေလည်း အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ သူတို့တွေက အခုပွဲစဉ်အတွက် သီတင်းပတ်မြောက်များစွာ ပြင်ဆင်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမယ်ဆိုရင် လူတိုင်း စိတ်အားထက်သန်ပြီး တက်တက်ကြွကြွရှိနေပါလိမ့်မယ်။ အခုပွဲစဉ်ဆိုတာလည်း သူတို့အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ခုလိုမျိုး ခံစားနေရပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့တွေ ဒီအချက်ကို သတိထားသွားရပါမယ်။
၁၀ ကြိမ်မှာ ကိုးကြိမ်လောက်က ပထမပိုင်းပွဲချိန် ၂၅ မိနစ်၊ နာရီဝက်လောက်ဟာ ပွဲစဉ်ရဲ့အခက်ခဲဆုံးအပိုင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်မှာ ပြိုင်ဘက်က အရမ်းပြင်းပြင်းထန်ထန်ကစားနိုင်နေသေးလို့ပဲ ဖြစ်ပါတယ်။ ဘဝရဲ့အကောင်းဆုံးပွဲစဉ်ကို ကစားသွားချင်တဲ့ ပြိုင်ဘက်အတွက် အဆင်သင့်ဖြစ်နေပေးဖို့ ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အကောင်းဆုံးလုပ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။