The network connection is lost.

Banner Image

ပါမီးယက်စ်ဗဟိုခံစစ်မှူး ဗစ်တာရီးစ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိတော့မယ့် မန်စီးတီး

မန်စီးတီးဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ယခုအခါမှာတော့ ပါမီးယက်စ်ဗဟိုနောက်ခံကြယ်ပွင့် ဗစ်တာရီးစ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိတော့မယ်လို့သိရပါတယ်။ 

ညာနောက်ခံနေရာမှာလည်း ကစားနိုင်တဲ့ အသက်-၁၉ နှစ်အရွယ်လူငယ်နောက်ခံလူအတွက် မန်စီးတီးဟာ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းလောက်အထိ ကုန်ကျသွားဖွယ်ရှိနေပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ရီးစ်ကိုသာမက ဖရန့်ဖတ်တိုက်စစ်မှူး အိုမာ မာမွတ်ရှ်နဲ့ လန်းစ်နောက်ခံလူ ခူဆာနိုတို့ကိုလည်း ယခုတစ်ပတ်အတွင်းမှာပဲ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

ပါမီးယက်စ်ဥက္ကဌ လီလာပါရီရာကတော့ မန်စီးတီးဟာ ရီးစ်ကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ အတည်ပြုထားပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အသက်-၁၉ နှစ်ပြည့်သွားခဲ့တဲ့ ဘရာဇီးသားအတွက် ပါမီးယက်စ်က ပေါင် ၃၄ သန်းအထိအလိုရှိနေပြီး မန်စီးတီးအနေနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်လိုသေးတာကြောင့် သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ 

ပါမီးယက်စ်ဥက္ကဌက “ကျွန်တော်တို့မန်စီးတီးဆီကနေ တရားဝင်ကမ်းလှမ်းမှုရရှိထားပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်လို့ သဘောတူညီမှုတော့မရသေးပါဘူး။ သူတို့ကမ်းလှမ်းတဲ့ပမာဏကို ကျွန်တော်မပြောတော့ပါဘူး။ ဒါပေမယ့် အဲဒီကမ်းလှမ်းမှုက ကျွန်တော်တို့လိုချင်တဲ့ပမာဏတော့မဟုတ်ပါဘူး။ ဒီအပြောင်းအရွှေ့ကို အလျင်စလိုပြုလုပ်ဖို့ ဆန္ဒမရှိပါဘူး။ ဗစ်တာက အသင်းမှာ စာချုပ်သက်တမ်းတွေကျန်ပါသေးတယ်။ ပါမီးယက်စ်နဲ့မန်စီးတီးအတွက်ရော ကစားသမားအတွက်ပါ အဆင်ပြေစေမယ့်နည်းလမ်းမျိုးနဲ့ပဲ သဘောတူညီမှုရလိုပါတယ်။ လောလောဆယ်မှာတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဗစ်တာရီးစ်ကို ဥရောပကလပ်အများအပြားက စိတ်ဝင်တစားစောင့်ကြည့်နေကြတာဖြစ်ပြီး ယခုလအစောပိုင်းမှာ ဘရိုက်တန်က ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ပါမီးယက်စ်ဘက်က ပယ်ချထားခဲ့တာဖြစ်ပါတယ်။ ရီးစ်ကိုသာမက မန်စီးတီးဟာ ဖရန့်ဖတ်တိုက်စစ်မှူး မာမွတ်ရှ်ကိုခေါ်ယူဖို့အတွက်လည်း ပေါင် ၅၆ သန်းနဲ့ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ သိရပါတယ်။