The network connection is lost.

Banner Image

ဗန်ဒိုက်နဲ့ ကာလရှည်လက်တွဲဖို့ လိုလားနေတဲ့ အန်းစလော့

လီဗာပူးအသင်းမှာ ဗန်ဒိုက်ရဲ့အနာဂတ် ရှင်းရှင်းလင်းလင်းမရှိသေးပေမယ့်  အန်းစလော့ကိုယ်တိုင်ကတော့ ရာသီကုန်မှာ သူ့ရဲ့အသင်းခေါင်းဆောင်ထွက်ခွာသွားမှာကို မမြင်တွေ့ချင်ပါဘူး။ အန်းစလော့က ဗန်ဒိုက်နဲ့ ကာလကြာရှည်လက်တွဲသွားဖို့ လိုလားနေပြီး လီဗာပူးအသင်းကပ္ပတိန်ရဲ့အနာဂတ်က အခုဘောလုံးရာသီကုန်မှာ ရှင်းရှင်းလင်းလင်း ဖြစ်လာနိုင်ပါတယ်။

ဗန်ဒိုက်က အာနိုးလ်၊ မိုဆာလက်တို့နဲ့အတူ အခုဘောလုံးရာသီကုန်ဆုံးချိန်မှာ စာချုပ်သက်တမ်းပြည့်မြောက်ဖို့ ရှိနေပါတယ်။ သူက အခုအချိန်မှာ နိုင်ငံရပ်ခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် တရားဝင်စကားပြောဆိုခွင့် ရရှိထားပါတယ်။
ဒါပေမယ့် နယ်သာလန်သားက သူ့ရဲ့အနာဂတ်ကို လီဗာပူးအသင်းမှာပဲ မြှုပ်နှံပြီး လာမယ့်ဘောလုံးရာသီကိုလည်း အသင်းနဲ့အတူဖြတ်သန်းသွားဖို့ အလိုရှိနေပါတယ်။

ဗန်ဒိုက်က ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ဒု-ကျော့)အဖြစ် တော့တင်ဟမ်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ အန်ဖီးလ်ကွင်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ လီဗာပူးကစားသမားဖြစ်လာချိန်ကတည်းက ဗန်ဒိုက်က ပြိုင်ပွဲစုံ ၂၆ ဂိုးအထိ သွင်းယူထားပြီး အခြားပရီးမီးယားလိဂ်ခံစစ်မှူးတွေထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်။ ဒါ့အပြင် ဗန်ဒိုက်က အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၂၃ ပွဲမှာ Clean Sheet ၁၀ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး အန်းစလော့ကတော့ အသက်-၃၃ နှစ်အရွယ်နောက်ခံလူရဲ့ အသင်းအပေါ် အကျိုးသက်ရောက်နိုင်စွမ်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က “ဗန်ဒိုက်က သူရရှိနေတဲ့ချီးကျူးမှုတိုင်းနဲ့ ထိုက်တန်သူဖြစ်ပါတယ်။ သူက ဒီကလပ်အသင်းအတွက် နှစ်ပေါင်းများစွာခြေစွမ်းပြသခဲ့ပြီး ကျွန်တော် ရောက်ရှိလာချိန်မှာလည်း သူက အံ့မခန်းစွမ်းဆောင်ပြသခဲ့ပါတယ်။ တော့တင်ဟမ်ကို လေးဂိုးပြတ်အနိုင်ရရှိမှုက ဒီအတွက် ဥပမာတစ်ရပ်ပါပဲ။ သူက ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ စိတ်အားထက်သန်မှုအပြည့်နဲ့ အသင်းကို အကောင်းဆုံးဦးဆောင်ပေးခဲ့ပါတယ်။ သူက ထက်ထက်မြက်မြက်နဲ့ အဆင်သင့်ဖြစ်နေပါပြီ။

တော့တင်ဟမ်အတွက် ပထမဆုံးအကြိမ်ဂိုးပေါက်တည့်ကန်ချက်ရရှိဖို့ မိနစ် ၈၀ လောက်အထိ စောင့်ဆိုင်းခဲ့ရတာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။ အခြားသူတွေလိုပဲ ဗန်ဒိုက်မှာ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ရှိနေပေမယ့် ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးရာသီတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ သူကိုယ်တိုင် လိုလားနေပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့လည်း ကျွန်တော့်မှာ မျှော်လင့်ချက်အပြည့်ရှိပါတယ်။ ကျန်းမာရေးကောင်းမွန်နေဖို့ဆိုတာ သူ့အတွက် ကျွန်တော့်ရဲ့ဦးစားပေးဆန္ဒပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့လက်တွဲပြီး အချိန်အကြာကြီး အလုပ်လုပ်သွားချင်ပါတယ်။ ဒါက ခင်ဗျားတို့အတွက် အံ့အားသင့်စရာလို့တော့ မထင်ပါဘူး”လို့ ပြောပါတယ်။

လီဗာပူးအသင်းက အခုဘောလုံးရာသီ၊ ဆုဖလားလေးလုံးအောင်မြင်မှုလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေပြီး အခုသီတင်းပတ်ကုန်မှာ နောက်ထပ်ဗိုလ်လုပွဲတစ်ခုဆီ ရှေ့ဆက်နိုင်ဖို့ ခြေတစ်လှမ်းတိုးနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
သူတို့တွေက လာမယ့်တနင်္ဂနွေနေ့မှာ ပလိုင်းမောက်နဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဒဏ်ရာကြောင့် တော့တင်ဟမ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အာနိုးလ်ကိုလည်း ဒီပွဲစဉ်မှာ ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။
အန်းစလော့က “ ပလိုင်းမောက်နဲ့ပွဲစဉ်က အာနိုးလ်အတွက်ဆိုရင် စောလွန်းနေပါလိမ့်မယ်။

အဲဗာတန်နဲ့ပွဲစဉ်အတွက်ဆိုရင်တော့ ပြောဖို့ခက်နေပါသေးတယ်။ ရက်တွေ၊ လတွေ အကြာကြီးတော့ မစောင့်ဆိုင်းရပါဘူး။ ဒါပေမယ့် အဲဗာတန်နဲ့မာဆေးဆိုဒ်ဒါဘီက ပလိုင်းမောက်နဲ့ပွဲစဉ်အပြီး သုံးရက်အကြာမှာ ကစားရမှာလေ။ ဒါကြောင့် သူပါဝင်ကစားနိုင်မလားဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ ကျွန်တော်တို့ကလည်း ရေရှည်ကို ကြည့်ရသလို ဘယ်လိုစွန့်စားမှုမျိုးကိုမှ မလိုချင်ပါဘူး။ ဒါပေမယ့် သူသာ ကြံ့ခိုင်မှုရှိနေမယ်ဆိုရင် ကျွန်တော်တို့ သူ့ကို အသုံးပြုရပါလိမ့်မယ်”လို့ ပြောပါတယ်။