
ပွဲနှောင့်နှေးကြန့်ကြာမှုအတွက် တောင်းပန်ကစားဆိုလာတဲ့ ရော်နယ်ဒို
အယ်လ်နာဆာစူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက အင်္ဂါနေ့ည အယ်လ်ဝီဒါကို ၂-၀ နဲ့အနိုင်ရခဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်ကို အချိန်မီမစတင်နိုင်ခဲ့ဘဲ နှောင့်နှေးကြန့်ကြာခဲ့တာလို့ အသင်းကိုယ်စားတောင်းပန်စကားပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အယ်လ်နာဆာအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းအစမှာ ရော်နယ်ဒိုက စတင်သွင်းယူပေးခဲ့ပြီး ပေါ်တူဂီသားဟာ ပွဲပြီးကာနီးမှာ ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ အသင်းဖော် ဆာဒီယိုမာနေးကို ကန်သွင်းစေခဲ့ပါတယ်။ ယခုပွဲစဉ်ကို ကားလမ်းပိတ်မှုကြောင့် အချိန်မီစတင်နိုင်ခဲ့ခြင်းမရှိဘဲ အယ်လ်နာဆာအသင်းရဲ့ ဘက်စ်ကားဟာ သတ်မှတ်ထားတဲ့ ပွဲစချိန်ထက် ၉ မိနစ်နောက်ကျမှ ကွင်းသို့ရောက်ရှိလာခဲ့တာဖြစ်ပြီး စုစုပေါင်း ၁ နာရီလောက်အထိ နှောင့်နှေးကြန့်ကြာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း အယ်လ်နာဆာဟာ နိုင်ပွဲရရှိခဲ့လို့ စုစုပေါင်းရမှတ် ၄၇ မှတ်နဲ့အတူ ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်ထားနိုင်ခဲ့ပြီး ထိပ်ဆုံးက အယ်လ်အစ်တီဟတ်နဲ့ ၈ မှတ်၊ ဒုတိယနေရာက အယ်လ်ဟီလယ်နဲ့ ၄ မှတ်သာကွာဟပါတော့တယ်။ ပွဲအပြီးမှာတော့ ရော်နယ်ဒိုက "ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ။ ပထမပိုင်းက ခက်ခဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဒီကိုလာဖို့ ၃ နာရီလောက်အထိ အချိန်ယူခဲ့ရလို့ပါ။ လမ်းတွေက လုံးဝပိတ်နေခဲ့ပါတယ်။ ပွဲနှောင့်နှေးကြန့်ကြာမှုအတွက် အယ်လ်နာဆာအသင်းရဲ့ကိုယ်စား ကျွန်တော်တောင်းပန်ပါတယ်။ ဒါကို နောက်ထပ်တစ်ကြိမ်မဖြစ်သင့်တဲ့အရာပါ။ တောင်းပန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပွဲနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်က "ကျွန်တော်တို့ ဒီပွဲကို ခြေစွမ်းကောင်းနဲ့မစတင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပိုကောင်းခဲ့ပါတယ်။ အမှားတွေကိုပြင်ဆင်ပြီး ၂ ဂိုးအထိသွင်းနိုင်ခဲ့လို့ ပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲရော်နယ်ဒိုဟာ အယ်လ်အစ်တီဖတ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ အကောင်းဆုံးပြန်လာပြီး နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တဲ့ အသင်းဖော်တွေကို ချီးကျူးလာခဲ့ပါတယ်။ အသက်-၄၀ နှစ်အရွယ်ကစားသမားက "ဒီလိုပုံစံနဲ့ပြန်လာနိုင်တာ အရမ်းကောင်းပါတယ်။ အယ်လ်နာဆာဆိုတာ ဒီလိုမျိုးပဲ တုံ့ပြန်နိုင်ရပါမယ်။ နိုင်ပွဲတွေဆက်သွားဖို့ကြိုးစားသွားပါမယ်။ တစ်ပွဲပြီးတစ်ပွဲကျွန်တော်တို့ ယုံကြည်မှုကို တည်ဆောက်သွားဖို့လိုပါတယ်။ နိုင်ပွဲတွေဆက်တိုက်ရဖို့ကြိုးစားရင်း ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို ရော်နယ်ဒိုက ထိပ်ဆုံးကနေဦးဆောင်ထားနိုင်ပြီး အယ်လ်အစ်တီဟတ်ကြယ်ပွင့် ကာရင်မ်ဘန်ဇီမာထက် ၁ ဂိုးအသာရထားပါတယ်။