အလားအလာရှိတဲ့အပြောင်းအရွှေ့အတွက် အသင့်ရှိနေပါတယ်လို့ ဆိုလိုက်တဲ့ လီဗာပူးနည်းပြအန်းစလော့
အခုလအတွင်း အလားအလာရှိတဲ့ ကစားသမားအပြောင်းအရွှေ့လှုပ်ရှားမှုတွေအတွက် လီဗာပူးအသင်း အသင့်ရှိနေပါတယ်လို့ နည်းပြအန်းစလော့က ပြောပါတယ်။ ကြိုးကြာနီတွေက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကို ထိပ်တန်းပစ်မှတ်ဇူဘီမန်ဒီနဲ့ လွဲချော်ရခြင်းအပါအဝင် စိတ်ပျက်ဖွယ်ပိတ်သိမ်းခဲ့ရပါတယ်။ သူတို့တွေက ဂျူဗင်တပ်စ်အသင်းထံမှ ချီယေဆာကိုသာ နွေရာသီကာလအတွင်း ခေါ်ယူနိုင်ခဲ့ပြီး အီတလီသားကိုယ်တိုင်လည်း ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် တည်ဆောက်နေရလို့ စီနီယာအသင်းမှာ ပွဲကစားချိန်ရရှိရေး ခက်ခဲနေပါတယ်။
မာမာဒါရှီဗီလီလည်း လာမယ့်နွေရာသီကာလမှာ အသင်းဆီ ရောက်ရှိလာဖို့ရှိပေမယ့် ယာဂန်ကလော့ပ်ထွက်ခွာသွားပြီးနောက် အသင်းလူစာရင်းပိုင်းအတွက် အင်အားဖြည့်တင်းမှုတော့ နည်းပါးနေပါသေးတယ်။ ဒါပေမယ့် အခုလိုကိစ္စတွေက လက်ရှိဘောလုံးရာသီမှာတော့ လီဗာပူးအသင်းအတွက် ပြဿနာမရှိသေးပါဘူး။ အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ကာရာဘောင်းဖလားဆီမီးအဆင့်မှာလည်း တော့တင်ဟမ်ကို အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
လတ်တလောလီဗာပူးအသင်းနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ဆိုင်ရာဆွေးနွေးမှုတွေက အနာဂတ်ကာလ၊ အသင်းမှထွက်ခွာသွားနိုင်တဲ့ကစားသမားတွေအပေါ် အဓိကအားဖြင့် မူတည်နေပါတယ်။ လက်ရှိမှာ ဗန်ဒိုက်၊ မိုဆာလက်နဲ့ အာနိုးလ်တို့က အခုဘောလုံးရာသီပိတ်သိမ်းချိန်၊ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး လာမယ့်နွေရာသီအတွက် နိုင်ငံရပ်ခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ဆိုင်ရာဆွေးနွေးခွင့် ရှိနေပါတယ်။
ဒါပေမယ့် အန်းစလော့ကတော့ အသင်းအနေဖြင့် အလားအလာရှိတဲ့ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ဆက်လက်စောင့်ကြည့်နေပြီး လက်ရှိအသင်းလူစာရင်းနဲ့ပတ်သက်လို့ ပျော်ရွှင်မိပါတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အန်းစလော့က “လက်ရှိအသင်းလူစာရင်းနဲ့ ပျော်ရွှင်မိနေတယ်ဆိုတာထက် မတူကွဲပြားတဲ့အရာတစ်ခုခုကို ပြောလိုက်မယ်ဆိုရင် နည်းနည်းတော့ထူးဆန်းသွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဈေးကွက်ကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ အခွင့်အရေးတစ်ခုလောက်သာ ရရှိလာမယ်ဆိုရင် ကလပ်အသင်းဘက်ကလည်း တစုံတခုတော့ အမြဲတမ်းလုပ်ဆောင်သွားပါလိမ့်မယ်။ ဂျိုးဂိုးမက်ဇ်ရဲ့ဒဏ်ရာကြောင့် အခုအချိန်မှာ ဗဟိုခံစစ်မှူးသုံးဦးပဲ ကျန်ရှိပါတော့တယ်။ ကျွန်တော်ကတော့ လက်ရှိအသင်းလူစာရင်းအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒါက ကလပ်အသင်းရဲ့ယုံကြည်မှုဖြစ်ပါတယ်”လို့ ပြောပါတယ်။