The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းမစားတာကြောင့် အံ့အားသင့်မိကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့ စာရင်းထဲမှာ မပါဝင်တာကြောင့် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ကြာသပတေးနေ့မှာ ဒီရာသီပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီတလီထိပ်သီးကလပ် နာပိုလီကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ 

ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့က ဆုဖလားကိုဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း မန်စီးတီးထက်ပိုပြီး အလေးပေးခံထားရတာဖြစ်ပါတယ်။ 

ယခုအခါမှာ ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့အသင်းအနေနဲ့ ပြိုင်ပွဲမှာ ‌ဗိုလ်စွဲဖို့ရေပန်းမစားတဲ့အပေါ် အသေးစိတ် ပြောဆိုလာခဲ့ခြင်းမရှိပေမယ့် အသင်းအတွက် ဒုတိယမြောက်ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက်တော့ ကြိုးစားသွားမှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဆုဖလားကို ၂၀၂၃ ခုနှစ်မှာ ဆွတ်ခူးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

နာပိုလီနဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက "ကျွန်တော်တို့က ဒီနှစ်ချန်ပီယံလိဂ်မှာ ရေပန်းစားတဲ့အသင်းမဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ သက်တောင့်သက်သာပဲလာပြိုင်တာပါ။ အရင်တုန်းကတော့ ကျွန်တော်တို့က ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆုဖလားတစ်ကြိမ်လည်း ရထားပြီးပါပြီ။ ဒီပြိုင်ပွဲက အခက်အခဲတွေအများကြီးရှိပါတယ။ မနက်ဖြန်ပွဲအတွက် အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ‌နေ့က မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၃ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်စီးတီးအနေနဲ့ နာပိုလီကိုလည်း အိမ်ကွင်းမှာ အနိုင်ယူဖို့ ယုံကြည်ချက်မြင့်မားနေမှာဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့ ဘရိုက်တန်တို့ကိုရှုံးနိမ့်ထားတဲ့ မန်စီးတီးဟာ တူညီတဲ့အမှားတွေကို ‌နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်တော့မှာမဟုတ်ဘဲ ပွဲစဉ်တိုင်းမှာ အနိုင်ရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။

တစ်ဖက်မှာ နာပိုလီကလည်း ယခုရာသီ စီးရီးအေမှာ ဆက်ဆူအိုလို၊ ကာဂလီယာရီ နဲ့ ဖီအိုရင်တီးနားတို့ကို အနိုင်ယူထားပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေတာကြောင့် မန်စီးတီးအတွက် လွယ်ကူတဲ့ပြိုင်ဘက်ဖြစ်လာဖို့မရှိပါဘူး။