The network connection is lost.

Banner Image

အက်စတွန်ဗီလာမှာ အကောင်းဆုံးပုံစံပြန်ရဖို့ ဘာတွေလုပ်သွားရမလဲ ရက်ရှ်ဖို့ဒ်ကို အကြံပေးလိုက်တဲ့ ရိုင်ယန်ဂစ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်က ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာပြီး အက်စတွန်ဗီလာသို့ပြောင်းရွှေ့ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းသစ်မှာ အကောင်းဆုံးပုံစံပြန်ရဖို့ ဘာတွေလုပ်သွားရမလဲ အကြံပေးလာခဲ့ပါတယ်။ ယူနိုက်တက်နည်းပြသစ် ရူဘင်အာမိုရင်လက်အောက်မှာ ပွဲထွက်ခွင့်မရခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းကနေထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ပြီး ယခုအခါမှာတော့ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ ၆ လအငှားစာချုပ်နဲ့ထွက်ခွာသွားခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီကလည်း ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်မှာ ၇ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဂစ်ကတော့ ကစားသမားဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပခုံးပေါ်တင်ထားရသလို ဖိအားများနေခဲ့တာကြောင့် အခုလိုရုန်းကန်နေရတာဖြစ်တယ်လို့ ထောက်ပြလာခဲ့ပါတယ်။ ဂစ်ဟာ ယူနိုက်တက်ရဲ့အကယ်ဒမီမှာ နည်းပြဝန်ထမ်းအဖြစ်လည်း အလုပ်လုပ်ခဲ့ဖူးတာကြောင့် ရက်ရှ်ဖို့ဒ်ရဲ့အကြောင်းကို ကောင်းကောင်းသိနေသူလည်းဖြစ်ပါတယ်။ 

ရိုင်ယန်ဂစ်က “ယူနိုက်တက်အနေနဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေးတွေကို အသင်းမှာထိန်းသိမ်းဖို့လိုသလို၊ ထွက်ခွာခွင့်ပြုဖို့လည်းလိုပါတယ်။ တစ်ယောက်ထွက်သွားရင် နောက်ထပ်တစ်ယောက်ထပ်လာပါလိမ့်မယ်။ ရက်ရှ်ဖို့ဒ်က လူသားတစ်ယောက်ပါ။ သူ့အနေနဲ့ ယူနိုက်တက်မှာ ပျော်ရွှင်နေပုံမပါဘူး။ သူ့ပခုံးပေါ်မှာ တစ်ကမ္ဘာလုံးကိုတင်ထားသလို ဖိအားများနေခဲ့ပါတယ်။ ကျွန်တော်အကယ်ဒမီမှာရှိတုန်းက သူ့ပုံစံ အဲဒီလိုမဟုတ်ခဲ့ပါဘူး”

“သူကလွတ်လပ်မှုအပြည့်နဲ့ဘောလုံးကစားခဲ့ပါတယ်။ အသင်းကိုချစ်ပြီး အခုလိုပုံစံလည်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကသူ့ပုံစံကို သူကိုယ်တိုင်ပဲပြန်လည်ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဘောလုံးကစားသမားဘဝက ကမ္ဘာပေါ်မှာအကောင်းဆုံးအလုပ်ဆိုတာကိုလည်း မေ့လို့မရပါဘူး။ ဒါကြောင့် ဘောလုံးသမားဘဝမပြီးဆုံးခင်မှာ ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ဖို့လိုပါတယ်။ မိနစ်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ကစားပြီး လွတ်လွတ်လပ်လပ်နေထိုင်နိုင်ရပါမယ်။ သူဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

တနင်္ဂနွေနေ့မှာတော့ အက်စတွန်ဗီလာဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှက်ရှ်ဖို့ဒ်အနေနဲ့ အသင်းသစ်အတွက် စတင်ပွဲထွက်ခွင့်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။