The network connection is lost.

Banner Image

ဘက်တစ်မှာ မိမိကိုယ်ကိုပြန်လည်ရှာဖွေနိုင်ခဲ့တယ်လို့ အန်တိုနီ ပြောကြား

ယူနိုက်တက်အသင်းကနေ အငှားလာကစားနေတဲ့ အန်တိုနီက ဘက်တစ်အသင်းမှာ မိမိကိုယ်ကိုပြန်လည်ရှာဖွေနိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘရာဇီးသားဟာ ၃ ပွဲမှာ ၃ ဂိုးအထိသွင်းယူနိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ ယူနိုက်တက်မှာ  အစကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံပထမရာသီဝက်မှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

သို့ပေမယ့်လည်း အေဂျက်စတားဟောင်းက ယူနိုက်တက်မှာ မိမိရဲ့စွမ်းဆောင်ရည်ဟာ လိုတာထက်ပိုပြီးဂုဏ်ပြုထိုက်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ “အရေးအကြီးဆုံးအရာက ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။ ကျွန်တော် နေ့တိုင်း ဒီမှာကစားရတာ ပျော်ပါတယ်။ အခြေအနေတွေက အဆင်ပြေပြေဖြစ်နေပါတယ်။ ၄ ပွဲမှာ ၃ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်  မျှော်လင့်ထားတာလည်းရှိသလို မမျှော်လင့်ထားတာလည်း ရှိပါတယ်။ကျွန်တော် စိတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာပါ အလုပ်လုပ်နေပါတယ်။ 

ကျွန်တော် အခုအရမ်းပျော်နေပါတယ်။ အင်္ဂလန်မှာရှိတုန်းကလည်း ကျွန်တော် အလုပ်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီအခိုက်အတန့်အတွက် ပြင်ဆင်နေတာပါ။ ကျွန်တော် ဘက်တစ်မှာ ပျော်နေပါတယ်။ ကျွန်တော် နည်းနည်းပဲကစားရပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောသလို နေ့တိုင်းအလုပ်ကြိုးစားပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပျော်ရွှင်အောင်ထားဖို့ လိုအပ်ပါတယ်။

အခုချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ဒီမှာ အရာအားလုံးက အရမ်းအဆင်ပြေပါတယ်။ မန်ချက်စတာမှာလည်း ကျွန်တော် အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဆုဖလား ၂ လုံးလည်းရယူနိုင်ခဲ့ပြီး ကျွန်တော် ပိုပြီးထိုက်တန်ခဲ့ပါတယ်။ နေ့တိုင်း ကျွန်တော်အပြုံးနဲ့နိုးထဖို့က အရမ်းအရေးကြီးပါတယ်”လို့ အန်တိုနီက ပြောကြားခဲ့ပါတယ်။

ဘက်တစ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်းနေပြီး ဂျန့်တ်အသင်းကို ပထမအကျော့တုန်းက ၃ ဂိုးပြတ်အနိုင်ယူထားနိုင်ခဲ့ပါတယ်။ စပိန်ကလပ်ဟာ လာမယ့်ကြာသပတေးနေ့မှာ ဂျန့်တ်အသင်းနဲ့ဒုတိယအကျော့ကန်ရမှာဖြစ်ပြီး အန်တိုနီက ညာတောင်ပံမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။