ဗယ်လာဒိုးလစ်အား အနိုင်ရရှိခဲ့တဲ့အပေါ် အမြင်ကို ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ
စနေနေ့က ရီးရဲလ်ဗယ်လာဒိုးလစ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားမှာ ၄ မှတ်အသာဖြင့် ရီးရဲလ်မက်ဒရစ်က ဦးဆောင်နိုင်ပြီဖြစ်ပါတယ်။ မက်ဒရစ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲတွင် ၁၁ ပွဲအထိ အနိုင်ရရှိထားပြီး စပိန်ရဲ့အကောင်းအသင်းတစ်သင်းအဖြစ် နောက်တစ်ကြိမ်ဖြစ်လာတော့မှာပါ။
အန်ဆယ်လော့တီအတွက်တော့ စိတ်ကျေနပ်ဖွယ် ရလဒ်နှင့် စွမ်းဆောင်မှုဖြစ်ပြီး ကစားသမားရဲ့ ပရိုဆန်မှုကို သဘောကျနေပါတယ်။ Diario As ရဲ့ ဖော်ပြချက်အရ မက်ဒရစ်က အသာရှိလာတဲ့အတွက်လာလီဂါဆုဖလားပြိုင်ဆုက နည်းသထက်နည်းလာပြီဖြစ်ကြောင်း သူက ဆိုထားပါတယ်။
"အရေးကြီးဆုံးကတော့ နိုင်ပွဲဆက်နေဖို့ပါ။ ကျွန်တော်တို့က အရည်အချင်းပိုရှိလာသော်လည်း ပြိုင်ပွဲအားလုံးအတွက် ကြိုးစားနေရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်တွေက မင်းကို ကျော်တက်ချင်နေတာကြောင့်ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒါကလွယ်တယ်လို့ ကျွန်တော်ထင်ပါတယ် သို့သော်လည်း အရင်ကျွန်တော်တို့က အဲ့ဒီလိုမလုပ်ဖူးပါဘူး။ အသင်းက ပွဲရဲ့အခြေအနေကို ကောင်းကောင်းစိုးမိုးနိုင်ခဲ့ပြီး ကြားဖြတ်မှုတွေလည်းလုပ်နိုင်ခဲ့ကာ ဦးဆောင်ဂိုးသွင်းယူပြီးနောက် တုံ့ဆိုင်းမှုမရှိဘဲ ပြီးပြည့်စုံအောင်လုပ်ခဲ့ပါတယ်"
"ပြီးခဲ့တဲ့ပွဲတွေမှာလည်း ကျွန်တော်တို့က ကောင်းကောင်းလုပ်ခဲ့တာ မှန်ပါတယ်။ ကောင်းမွန်တဲ့ အသာစီးရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကွာဟမှုအနည်းငယ်ရှိနေပြီး ဒါကိုလာမယ့်ပွဲတွေမှာ အသာစီးရယူနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ အန်ဆယ်လော့တီက ပြောပါတယ်။
ကလပ်အတွက် ပထမဆုံးဟက်ထရစ်သွင်းယူပေးခဲ့တဲ့ အမ်ဘာပေနဲ့ပတ်သက်ပြီး နည်းပြက "အရင်ကရော ဒီနေ့မှာပါ သူက အကောင်းဆုံးကစားခဲ့တာပါ။ ၃ ဂိုးသွင်းခဲ့ပါတယ်။ သူ့ရဲ့ပေးဆပ်မှုက အများကြီးပါ ဒါကိုအားလုံးလည်းတွေ့မှာပါ။ ဘာကြောင့်လဲဆိုတော့ သူက အရည်အသွေးတွေအများကြီးရှိနေတဲ့ ကစားသမားတစ်ဦးမို့ပါ" လို့ ပြောပါတယ်။
လက်ရှိမှာတော့ မက်ဒရစ်ဟာ ကောင်းမွန်တဲ့အနေအထားမှာရှိနေပြီး ၂ ပွဲပယ် ပြစ်ဒဏ်ကျခံထားရတဲ့ ဗင်နီစီးယက်စ်ဂျူနီယာလည်း ပြန်ပါလာပြီဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ် အက်စ်ပန်ညိုနှင့်ပွဲမှာ ဘရာဇီးသားက ကစားနိုင်မှာဖြစ်ပါတယ်။