ရီးရဲလ်မက်ဒရစ်အသင်း ထိပ်တန်းပုံစံကောင်းပြန်ရရှိဖို့ အတော်လေးနီးစပ်နေပြီလို့ ပြောလိုက်တဲ့ အန်ဆယ်လော့တီ
ပြင်သစ်ကလပ် ဘရက်စ်နဲ့ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးညချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဥရောပချန်ပီယံရီးရဲလ်မက်ဒရစ် အနေဖြင့် ထိပ်တန်းပုံစံကောင်းပြန်ရရှိဖို့ အတော်လေးနီးစပ်နေပြီလို့ နည်းပြအန်ဆယ်လော့တီက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ခုနစ်ပွဲကစားပြီးချိန်မှာ လေးပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၆ နေရာမှာ ရပ်တည်နေပါတယ်။ တဖက်မှာလည်း ဘရက်စ်က ရမှတ် ၁၃ မှတ်၊ အဆင့်-၁၃ နေရာမှာ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ရော၊ ဘရက်စ်ပါ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်ဖို့အတွက် အခွင့်အလမ်းအဖြစ် အကြိုရှုံးထွက်ပွဲစဉ်ကစားရဖို့ အာမခံချက်ရရှိခဲ့ပြီးပါပြီ။
အန်ဆယ်လော့တီရဲ့အသင်းက ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ပြင်သစ်မြေဆီ နောက်ဆုံးအကြိမ်လာရောက်ကစားခဲ့ပြီး လိုင်လီကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့တွေက ဇန်နဝါရီ ၁၂ ရက်၊ စပိန်စူပါဖလားပွဲစဉ်အဖြစ် ဘာစီလိုနာကို ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲစုံလေးပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း အီတာလျံဝါရင့်နည်းပြကြီးက “ကျွန်တော်တို့တွေ အကောင်းဆုံးပုံစံမရရှိသေးပေမယ့် အတော်လေးနီးစပ်တဲ့အဆင့်မှာ ရောက်ရှိနေပါပြီ။ လူတိုင်းကလည်း ကိုယ်ဘာလုပ်ဖို့လိုအပ်သလဲဆိုတာကို အတိအကျသိရှိထားပြီး ကျွန်တော်တို့တွေ အသင်းအဖွဲ့တစ်ခုအဖြစ် တိုးတက်လာခဲ့ပြီးပါပြီ။
တစ်ဦးချင်းပံ့ပိုးကူညီပေးမှုတွေလည်း သိသာထင်ရှားခဲ့ပါတယ်။ အထူးသဖြင့် အမ်ဘာပေပါ။ ဒါပေမယ့် ရိုဒရီဂို၊ ဘယ်လင်ဟမ်နဲ့ ဗင်နီးစီးယက်စ်တို့ကိုလည်း မေ့ထားလို့မရပါဘူး။ ဒါတွေအားလုံးက ကျွန်တော့်အတွက် စိတ်အေးချမ်းသာမှုကို ပိုပေးစွမ်းနိုင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ၃၁ ပွဲကစား၊ ၂၁ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အသက်-၆၅ နှစ်အရွယ်နည်းပြကြီးက “အမ်ဘာပေကိုယ်တိုင်လည်း အထိုင်ကျဖို့အတွက် အချိန်တစ်ခုယူခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ သူ့ရဲ့ပုံစံကောင်း ပြန်ရရှိနေပါပြီ။ ဒါကြောင့် စိတ်အားထက်သန်မှုရှိနေပါတယ်။ သူက အသင်းဖော်တွေနဲ့တွဲကစားရတာ ပျော်ရွှင်နေသလို ဒီအတွက်လည်း ကျွန်တော်တို့တွေ အားရကျေနပ်မိပါတယ်”လို့ ဆက်ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းစာရင်းဝင်ရောက်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိပေမယ့် အမှတ်ပေးဇယားရပ်တည်မှုအရ သူတို့ရှေ့မှာရှိနေတဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ ဘရက်စ်၊ လိုင်လီ၊ ဖီယင်နု၊ မိုနာကို၊ အက်စတွန်ဗီလာနဲ့ လေဗာကူဆင်တို့ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။
အန်ဆယ်လော့တီက “အခြားပြိုင်ဘက်တွေရဲ့ပွဲစဉ်ဆီ ကျွန်တော်တို့ အာရုံစိုက်နေဖို့ မရှိပါဘူး။ ကျွန်တော်တို့ အနိုင်ရရှိအောင် ကြိုးစားပြီး ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားပါမယ်”လို့ ဆိုပါတယ်။ အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်အရ အမှတ်ပေးဇယားအဆင့်-၉ မှ အဆင့်-၂၄ အတွင်း ရပ်တည်နိုင်တဲ့ အသင်းတွေက ဖေဖော်ဝါရီလအတွင်း အကြိုရှုံးထွက်အဆင့်(အိမ်/အဝေး)ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒီပွဲစဉ်တွေအတွက် မဲခွဲမှုကို သောကြာနေ့မှာ ပြုလုပ်သွားပါလိမ့်မယ်။
အန်ဆယ်လော့တီက “ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ထားပါတယ်။ အနိုင်ရရှိဖို့နဲ့ တက်နိုင်သမျှ အမြင့်ဆုံးအဆင့်မှာ ရပ်တည်နိုင်ဖို့ပါပဲ။ ဒါပြီးရင်တော့ မဲခွဲမှုမှာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားပါမယ်”လို့ ဆက်ပြောပါတယ်။