ရီးရဲလ်နဲ့ပြဿနာတက်ခဲ့တဲ့ ဗင်နီးစီးယက်စ်ကို အန်ဆလော့တီက ဘရာဇီးအသင်းမှာခေါ်ယူ
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက ဘာစီလိုနာကိုအနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ လူစားလဲခံရခြင်းကြောင့် နည်းပြဇာဘီအလွန်ဆိုနဲ့ ပြဿနာတက်ခဲ့တဲ့ တောင်ပံကစားသမားဗင်နီးစီးယက်စ်ဂျူနီယာကို အသင်းမှာပါဝင်ဖို့ ရွေးချယ်လာခဲ့ပါတယ်။
အဆိုပါပွဲအပြီးမှာတော့ ဗင်နီးစီးယက်စ်ဟာ သူရဲ့အမှားအတွက် အသင်းဖော်ကစားသမားတွေကိုပါ တောင်းပန်ထထားခဲ့တာဖြစ်ပါတယ်။ ယခုအခါ ဘရာဇီးဟာ နိုဝင်ဘာလအတွင်း ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေကစားသွားရမှာဖြစ်ပြီး အန်ဆယ်လော့တီက ဗင်နီးစီးယက်စ်နဲ့ ရီးရဲလ်မက်ဒရစ်ကြားကပြဿနာ ပြေလည်သွားပြီဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
အန်ဆယ်လော့တီက "ကျွန်တော် ဗင်နီးစီးယက်စ်နဲ့ရော အသင်းရဲ့ကစားသမားတော်တော်များများနဲ့ပါကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဗင်နီးစီးယက်စ်ကလည်း သူအမှားလုပ်မိမှန်းသူသိသွားပြီး နည်းပြနဲ့အသင်းဖော်တွေကိုတောင်းပန်ပြီးပါပြီ။ သူတို့ကိစ္စ ပြေလည်သွားပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ အသင်းကို အများကြီးအကူအညီပေးနိုင်ပါတယ်"
"ဗင်နီက လက်ရွေးစင်အသင်းက ကစားသမားတွေနဲ့လည်း ပြဿနာမရှိပါဘူး။ ဒါက သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်က သူ့ရဲ့အဖေလည်းမဟုတ်၊ အစ်ကိုလည်းမဟုတ်ပါဘူး။ ကျွန်တော်ကနည်းပြသက်သက်ပါ" လို့ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလအတွင်း ဘရာဇီးဟာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေအဖြစ် ဆီနီဂေါ၊ တူနီးရှားတို့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆီနီဂေါကို အာဆင်နယ်ရဲ့အိမ်ကွင်း အမ်းမရိတ်စ်မှာသွားရောက်ရင်ဆိုင်မှာဖြစ်ပြီး တူနီးရှားကိုတော့ လိုင်လီရဲ့အိမ်ကွင်းမှာကစားဖို့ စီစဉ်ထားပါတယ်။
ယခုတစ်ခေါက် ဘရာဇီးလူစာရင်းမှာ ဘရာဇီးပြည်တွင်းလိဂ်မှကစားသမား ၇ ဦးအထိပါဝင်ခဲ့ပေမယ့် ဆန်းတို့စ်မှာ ပုံမှန်ကစားနေပြီဖြစ်တဲ့ နေမာဂျူနီယာကတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ နေမာဟာ ဘရာဇီးအသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးဂိုးသမားဖြစ်ပေမယ့် မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဘရာဇီးအသင်းဟာ မကြာသေးမီကလည်း လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လမှာ ဥရောပနိုင်ငံတွေမှအသင်း ၂ သင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ ခြေစမ်းသွားမယ်လို့ အတည်ပြုထားပေမယ့် ဘယ်အသင်းတွေလဲဆိုတာကိုတော့ အသိပေးထုတ်ပြန်ခြင်းမရှိသေးပါဘူး။