
မက်ဆီကိုကျော်ဖြတ်ပြီး ရော်နယ်ဒိုကို GOAT အဖြစ် ထောက်ခံလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက မက်ဆီကိုကျော်ဖြတ်ပြီး ရော်နယ်ဒိုကို GOAT အဖြစ် ထောက်ခံလိုက်ပါတယ်။ ရီးရဲလ် နဲ့ ယူနိုက်တက်စတားဟောင်းက သူ့ကိုယ်သူ ပြီးပြည့်စုံတဲ့ဘောလုံးသမားတစ်ဦးအဖြစ် မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုက သူ့ရဲ့စွမ်းရည်တွေဟာ မက်ဆီ ၊ ပီလီ နဲ့ မာရာဒိုနာတို့ထက်တောင် သာလွန်တယ်လို့ ဆိုခဲ့ပါတယ်။
“ကျွန်တော်က လုံးဝပြီးပြည့်စုံတဲ့ကစားသမားမျိုးပါ။ အဲ့တာက ကျွန်တော့်အမြင်ပါ။ ကျွန်တော့်ကို မေးခွန်းထုတ်တာတွေရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ မြင်မိပါတယ်။ ကျွန်တော်ဘောလုံးမှာ အရာအားလုံးလုပ်ခဲ့ပြီးပါပြီ။ ခေါင်းတိုက်ဂိုးကော ၊ တည်ကန်ဘောကော ၊ ဘယ်ခြေနဲ့ကော အကုန်ရပါတယ်။ ကျွန်တော် လျင်မြန်ပြီး သန်မာသလို အမြင့်ဘောလည်းရပါတယ်။ အတွေ့အကြုံက တစ်ခုတည်းသောအရာပါ။ မက်ဆီ ၊ ပီလီ ဒါမှမဟုတ် မာရာဒိုနာတို့လည်း ကောင်းကြပါတယ်။ ကျွန်တော် သူတို့ကိုလေးစားပါတယ်။ ခရစ္စတီယာနိုကတော့ ပြီးပြည့်စုံတဲ့သူဆိုတာ မလိမ်ပါဘူး။
ကျွန်တော်က လုံးဝပြီးပြည့်စုံတဲ့ကစားသမားမျိုးပါ။ ကျွန်တော့်ထက်ပိုကောင်းတဲ့သူ မမြင်သေးပါဘူး။ အခုပြောတာက ကျွန်တော့်နှလုံးသားနဲ့ပြောတာပါ”လို့ ရော်နယ်ဒိုက ဖြေကြားခဲ့ပါတယ်။ အန်ဆယ်လော့တီကလည်း တပည့်ဟောင်းဖြစ်သူဘက်ကနေ ထောက်ခံခဲ့ပြီး ရီးရဲလ်အတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ချီးကျူးခဲ့ပါတယ်။ “ခရစ္စတီယာနိုက သူ့မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ သူရီးရဲလ်မှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူက အကောင်းဆုံးကစားသမားပါ။ ပြီးတော့ သူက ကျွန်တော့်ကို ဂိုးတွေအများကြီးနဲ့ကူညီပေးခဲ့ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး ၄၃၈ ပွဲမှာ ၁၃၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီသားဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အသက် ၄၀ ပြည့်မှာဖြစ်ပြီး မက်ဒရစ်ဘက်က လူမှုမီဒီယာကနေ ထူးရှယ်မက်ဆေ့ချ်တစ်ခုကို ရော်နယ်ဒိုထံပေးပို့ခဲ့ပါတယ်။
“ဟယ်လို ခရစ္စတီယာနိုရေ။ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ခင်ဗျားမွေးနေ့အတွက် နွေးထွေးတဲ့ဆုတောင်းတစ်ခုပေးပို့ချင်ပါတယ်။ မက်ဒရစ်သားတိုင်းက ခင်ဗျားအသင်းအတွက် လုပ်ပေးခဲ့တာတွေကို ဂုဏ်ယူနေကြပါတယ်။ မိသားစု ၊ ချစ်ခင်တဲ့သူတွေနဲ့အတူ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။
အဆိုပါမက်ဆေ့ချ်ရပြီးနောက် ရော်နယ်ဒိုက သူ့ကစားသမားဘ၀ ရီးရဲလ်အသင်းက အချိန်တွေဟာ အပျော်ဆုံးအချိန်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာအသင်းမှာကစားနေပြီး ဂိုး ၁၀၀၀ ပြည့်ဖို့ ပစ်မှတ်ထားနေပါတယ်။