မိုင်နူးကိုအသင်းမှာဆက်လက်ထိန်းသိမ်းထားလိုကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် ရောင်းထုတ်ခံရတော့မယ်လို့ သတင်းကြီးနေတဲ့ ကွင်းလယ်လူ ကိုဘီမိုင်နူးနဲ့ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုတို့ကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယခုတစ်ပတ်အစောပိုင်းသတင်းတွေအရ ယူနိုက်တက်ဟာ ဘဏ္ဍာရေးဆိုင်ရာ ထိန်းညှိမှုတွေပြုလုပ်နိုင်ဖို့ ဖိအားတွေကျရောက်လာတာကြောင့် အသင်းရဲ့အကယ်ဒမီထွက်ကစားသမားတွေကို ရောင်းချဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ အကယ်ဒမီကစားသမားတွေထဲမှ မိုင်နူးနဲ့ ဂါနာချိုတို့ဟာ ရောင်းချနိုင်ဖို့ ဖြစ်နိုင်ချေအများဆုံးဖြစ်နေပြီး ကစားသမား ၂ ယောက်အတွက် ပေါင်သန်း ၇၀ အထိရရှိနိုင်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မိုင်နူးဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသလို၊ ဂါနာချိုကလည်း ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ မိုင်နူးကိုခေါ်ယူဖို့ အပြင်းအထန်ချိတ်ဆက်နေပြီး ဂါနာချိုကလည်း လူငယ်တုန်းအသင်းဟောင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့သိရပါတယ်။
သို့သော်လည်း အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာတော့ အာမိုရင်က “ကျွန်တော်တို့ အသင်းရဲ့ကစားသမားအင်အားကို တောင့်တင်းအောင်ပြုလုပ်ဖို့လိုအပ်နေပါတယ်။ ဒါကြောင့် လိုအပ်တာတွေကို ပြုလုပ်သွားဖို့လိုအပ်နေပါတယ်။ ပြီးတော့ အကယ်ဒမီကိုလည်း တိုးတက်အောင်ပြုလုပ်သွားရပါမယ်။ လူငယ်ကလေးတွေအနေနဲ့ ကလပ်က လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေမရှိဘူးဆိုတာသိအောင် ပြသသွားဖို့လည်းလိုပါတယ်။
အသင်းကိုတည်ဆောက်ဖို့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာထိန်းသိမ်းသွားဖို့ ကြိုးစားသွားပါမယ်။ အခုအခြေအနေက ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်မိုင်နူးကိုအရမ်းကြိုက်ပါတယ်။ သူက တိုးတက်မှုအများကြီးရှိတဲ့ကစားသမားပါ။ သူအပါအဝင် အသင်းရဲ့အကယ်ဒမီထွက်ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာ မိုင်နူးဟာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၈ ပွဲသာပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။