
အက်သလက်တီကိုကြယ်ပွင့် ဒီပေါလ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ အင်တာမီယာမီ
မေဂျာလိဂ်ကလပ် အင်တာမီယာမီဟာ အသင်းရဲ့စူပါစတား လီယွန်နယ်မက်ဆီရဲ့ နိုင်ငံလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အက်သလက်တီကိုကြယ်ပွင့် ဒီပေါလ်ကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်လာကြောင်း သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
မီယာမီအနေနဲ့ အသင်းရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီပေါလ်ဟာ မက်ဆီအတွက်လည်း အထောက်အကူပြုနိုင်တဲ့ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ရှုမြင်ထားပါတယ်။ လောလောဆယ်မှာတော့ မီယာမီဟာ ဒီပေါလ်ကိုအပြီးသတ်ခေါ်ယူနိုင်ဦးမှာမဟုတ်ဘဲ အငှားစာချုပ်နဲ့သာ ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။
GiveMeSport သတင်းဌာနကတော့ မီယာမီဟာ အက်သလက်တီကိုနဲ့ ၂၀၂၇ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဒီပေါလ်ကို အပြီးသတ်ဝယ်ယူခွင့်ပါသဘောတူညီချက်နဲ့ တစ်ရာသီကြာအသင်းမှာအသုံးပြုသွားမယ်လို့ဖော်ပြထားပါတယ်။ သဘောတူညီချက်အရ ၂၀၂၅-၂၆ ရာသီအကုန်မှာ မီယာမီအနေနဲ့ ကစားသမားကို ဒေါ်လာ ၁၇ သန်းနဲ့အပြီးသတ်ဝယ်ယူသွားရမှာဖြစ်ပါတယ်။
မေဂျာလိဂ်ရဲ့စည်းမျဉ်းစည်းကမ်းတွေအရ အင်တာမီယာမီဟာ ဥရောပမှ လစာမြင့်မားတဲ့ကစားသမား ၃ ဦးအထိသာခေါ်ယူခွင့်ရှိနေပြီး လောလောဆယ်အသင်းမှာ မက်ဆီ၊ ဆာဂျီယိုဘက်စ်ကွက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ရှိနေတာကြောင့် ဒီပေါလ်ကို အငှားနဲ့ခေါ်ယူပါက လူးဝစ်ဆွာရက်ဇ်လိုမျိုး လစာပေးချေသွားရမှာဖြစ်ပါတယ်။
ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မီယာမီဟာ မန်ချက်စတာစီးတီးကြယ်ပွင့် ကယ်ဗင်ဒီဘရိုင်းနဲ့ ဘရာဇီးစူပါစတား နေမာတို့ကိုခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့တွေပျက်ပြယ်ခဲ့တာကြောင့် ယခုတစ်ခေါက်မှာတော့ ဒီပေါလ်ကို အမိအရခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ဒီပေါလ်ဟာ မက်ဆီနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းအတွက်ဆွတ်ခူးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒီပေါလ်ဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါရဲ့အကောင်းဆုံးကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့သလို ယခင်ကလည်း အူဒီးနိစ်ရဲ့အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရဖူးတာကြောင့် အင်တာမီယာမီအတွက်တော့ ကြီးမားတဲ့အင်အားဖြည့်တင်းမှုဖြစ်လာဖို့ရှိနေပါတယ်။ တကယ်လို့ လက်ရှိဆွေးနွေးမှုတွေ သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ မကြာမီမှာပဲ မက်ဆီနဲ့ဒီပေါလ်တို့ရဲ့အတွဲအဖက်ကို အမေရိကန်မြေမှာ မြင်တွေ့သွားရတော့မှာဖြစ်ပါတယ်။