
ပါချူကာနဲ့ပွဲမှာ ရိုဒရီဂိုကို နည်းစနစ်အရချန်လှပ်ခဲ့ခြင်းဖြစ်တယ်လို့ ရှင်းပြလာတဲ့ အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ပါချူကာကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်မှာ တောင်ပံကစားသမားရိုဒရီဂိုကိုချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရသာဖြစ်တယ်လို့ ရှင်းပြလာခဲ့ပါတယ်။ ရိုဒရီဂိုဟာ ယခုနွေရာသီအတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းကြီးနေတာကြောင့် အခုလို အလွန်ဆိုရဲ့ချန်လှပ်မှုက ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့သက်ရောက်မှုရှိလာနိုင်တယ်လို့ ယူဆရပါတယ်။ လက်ရှိအလွန်ဆိုရဲ့ကစားကွက် ၄-၃-၃ နဲ့ ၃-၅-၂ ကစားကွက်ထဲမှာလည်း ရိုဒရီဂိုရဲ့အခန်းကဏ္ဍမပါဝင်တာကြောင့် ကစားသမားဟာ အရန်အနေနဲ့သာ ကစားရဖို့ရှိနေတာြဖစ်ပါတယ်။
အလွန်ဆိုရဲ့ကစားကွက်မှာ အံဝင်နိုင်တဲ့ကစားသမားစာရင်းမှာ အာဒါဂူလာ၊ ဘရာဟင်မ်ဒီယက်ဇ်နဲ့ ဗစ်တာမူနို့ဇ်တို့က ကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် ပါချူကာနဲ့ပွဲစဉ်မှာ အဆိုပါကစားသမား ၃ ဦးစလုံး ပါဝင်ကစားခွင့်ရခဲ့ကြပါတယ်။
ရိုဒရီဂိုကို ပါဝင်ကစားခွင့်မပြုခဲ့ခြင်းနဲ့ပတ်သက်ပြီး အလွန်ဆိုက "သူက ကျွန်တော့်အတွက်အရေးပါတဲ့ကစားသမားပါ။ ပါချူကာနဲ့ပွဲမှာမပါဝင်ခဲ့တာက နည်းစနစ်အရပါပဲ။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့သူ့ကို လိုအပ်ပါတယ်။ အသင်းမှာသူ့အတွက် နေရာရှိနေပြီးသားပါ" လို့ရှင်းပြခဲ့ပါတယ်။
ပါချူကာနဲ့ပွဲစဉ်မှာ ကွင်းလယ်လူဗယ်လ်ဗာဒီဟာ တောင်ပံကစားသမားအဖြစ်ပွဲထွက်ခဲ့ပြီး အလွန်ဆိုက "ဗယ်လ်ဗာဒီက နေရာစုံမှာကစားနိုင်ပါတယ်။ တောင်ပံမှာလည်းကစားနိုင်သလို၊ ကွင်းလယ်မှာလည်း ခြေစွမ်းပြသနိုင်ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့ရဲ့ကစားကွက်ကို ပြုပြင်ရလွယ်ကူစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂျူဒ်ဘယ်လင်ဟမ်ကလည်း ကာလိုအန်ဆယ်လော့တီလက်အောက်ကထက် အလွန်ဆိုလက်အောက်မှာ တိုက်စစ်ပိုင်းကိုပိုပြီးတော့ ပါဝင်ကစားလာခဲ့ရပါတယ်။ စပိန်သားနည်းပြက "သူအဆင်ပြေပါတယ်။ ကွင်းလယ်မှာသူကစားတဲ့ပုံစံကို ကျွန်တော်သဘောကျပါတယ်။ အသင်းရဲ့ကစားကွက်တိုင်းမှာ ဘယ်လင်ဟမ်အမြဲတမ်းပါဝင်နေပါတယ်။ ဒါကို ပါချူကာနဲ့ပွဲမှာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ ရည်မှန်းချက်ကြီးပြီး အမြဲတမ်းကြိုးစားနေတဲ့ကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။
ဗင်နီစီးယက်စ်နဲ့ပတ်သက်ပြီးတော့လည်း အလွန်ဆိုက "ကျွန်တော်တို့ရဲ့ကစားသမား ၁၁ ယောက်စလုံး ခံစစ်ကစားရပါမယ်။ ပြိုင်ဘက်ကိုဖိအားပေးနိုင်ဖို့ဆိုရင် ခံစစ်ကိုကူညီပြီးမှရပါမယ်။ မဟုတ်ရင် အရမ်းခက်သွားမှာပါ။ ဗီနီ၊ ဂျုဒ်၊ ဗယ်လ်ဗာဒီနဲ့ အမ်ဘာပေတို့ကလည်း ခံစစ်ကိုကူညီသွားရမှာပါ"လို့ပြောကြားခဲ့ပါတယ်။