
ယူနိုက်တက်စတားကို ချဉ်းကပ်မှုတွေပြုလုပ်နေတဲ့ အေစီမီလန်
သတင်းတွေအရ အေစီမီလန်အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အီတလီကလပ်ဘက်က တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ဒိန်းမတ်သားကို ရွေးချယ်စရာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း အတ္တလန္တာကနေပြောင်းလာပြီးကတည်းက ရုန်းကန်နေရတဲ့ အသက် ၂၂ နှစ်သားကို ရောင်းထုတ်ဖို့ စဉ်းစားနေပါတယ်။
အေစီမီလန်အသင်းအားကစားဒါရိုက်တာ တာရီကလည်း တိုက်စစ်ပိုင်းနေရာအတွက် နည်းပြ အယ်လီဂရီရဲ့ကစားဟန်နဲ့အဆင်ပြေမယ့်တိုက်စစ်မှူးမျိုးကို ခေါ်ယူပေးချင်နေပါတယ်။ အေစီမီလန်ရဲ့ပစ်မှတ်တွေထဲမှာ ဟွိုက်လန်းအပြင် လူကာဂျိုဗစ် ၊ အေဘရာဟမ်တို့လည်း ပါဝင်နေပါတယ်။ ဒိန်းမတ်သားဟာ အီတလီမြေမှာ ကစားခဲ့ဖူးသလို ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မီလန်အတွက် အဆင်ပြေနိုင်တာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ဒိန်းမတ်သားကို ရောင်းချချင်နေပေမယ့် မီလန်ဘက်က အငှားနဲ့သာ ခေါ်ယူချင်နေပါတယ်။
မန်ချက်စတာကလပ်အနေနဲ့ တိုက်စစ်ပိုင်းနေရာအတွက် ဒီလပ် နဲ့ ယိုကရက်စ်တို့ကို လက်လွှတ်ခဲ့ရပြီးနောက် ချဲလ်ဆီးစတား ဂျက်ဆင်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ မီလန်အနေနဲ့ အခုနွေရာသီမှာ ငွေကြေးအများကြီးအသုံးပြုဖွယ်မရှိပဲ အငှားနဲ့သာခေါ်ယူဖို့ များနေပါတယ်။ ဟွိုက်လန်းကို အင်တာမီလန်အပါအဝင် အခြားအသင်းတွေကလည်း စိတ်ဝင်စားနေကြပါတယ်။