အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းပြင်အစိတ်အပိုင်းတွေကို တစ်ခုလျှင် ၁၂၅ ပေါင်ဖြင့် ပရိသတ်တွေဆီ ယူနိုက်တက်ရောင်းချနေ
မန်ချက်စတာယူနိုက်တက်အသင်းက ဝင်ငွေရှာဖွေရေး အစီအစဉ်အသစ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းပြင်အပိုင်းအစတွေကို ပရိသတ်တွေဆီ ရောင်းချနေပါပြီ။
ယူနိုက်တက်က မြက်ခင်းပြင်အသစ် ပြန်လည်စိုက်ပျိုးရန်၊ ရေနုတ်မြောင်းစနစ်တွေ ကောင်းမွန်လာစေရန်နဲ့ ကစားသမားတွေ ထိခိုက်ဒဏ်ရာရရှိမှုသက်သာလာစေရန် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ အိုးထရက်ဖို့ဒ်ကွင်းမြက်ခင်းတစ်ခုလုံးကို တူးဖော်ဖယ်ရှားခဲ့ပါတယ်။ ဒီလိုတူးဖော်ဖယ်ရှားမှုမှ စွန့်ပစ်ရမယ့် အစိတ်အပိုင်းအများစုကို ပရိသတ်တွေဆီ ပြန်လည်ရောင်းချနေပါပြီ။
သရဲနီတွေက မြက်ခင်းပြင်အပိုင်းအစတွေကို စနစ်တကျထိန်းသိမ်းပြီး အမှတ်တရပစ္စည်းအဖြစ် ရောင်းချနိုင်ရန် ကုဗတုံးပုံစံဖန်ဗူးတွေမှာ ထည့်သွင်းကာ ကလပ်အသင်းတရားဝင်ဝက်ဘ်ဆိုဒ်မှတဆင့် တစ်ခုလျှင် ၁၂၅ ပေါင်ဖြင့် ရောင်းချနေပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆု ၁၃ ကြိမ်တိုင်တိုင် ရရှိထားတဲ့ အသင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ စံချိန်တင်ဝင်ငွေ ပေါင် ၆၇၇ ဒဿမ ၆ သန်းနဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်ငွေ ပေါင် ၂၂ ဒဿမ ၆ သန်း ရရှိခဲ့ပေမဲ့ အခွန်မဆောင်မီ အရှုံးငွေ ပေါင် ၄၃ သန်းအထိ ရှိခဲ့လို့ ရန်ပုံငွေရှာဖွေနိုင်ရေးအတွက် မြက်ခင်းပြင်အပိုင်းအစတွေကိုပါ ရောင်းချလာသလားဆိုပြီး ပရိတ်သတ်တွေအကြား စိုးရိမ်ပူပန်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဝက်ဘ်ဆိုဒ်ရှိ ကြေငြာစာသားမှာတော့ "ကမ္ဘာ့အကျော်ကြားဆုံးဘောလုံးကွင်းကြီးတွေအနက် တစ်ခုရဲ့ ကွင်းမြက်ခင်းပြင်အပိုင်းအစ အမှတ်တရပစ္စည်းကို လိုချင်တဲ့ ပရိသတ်တွေအတွက် အထူးသင့်လျော်တဲ့ ဒီတရားဝင်မြက်ခင်းတုံးလေးကို အိုးထရက်ဖို့ဒ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အိမ်အရောက် ယူဆောင်သွားလိုက်ပါ" လို့ ဖော်ပြထားပါတယ်။
"ဂရုတစိုက်ထိန်းသိမ်းထားတဲ့ ဒီမြက်ခင်းစလေးတွေဆိုတာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ သမိုင်းဝင်ပွဲစဉ်တွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်ပြီး ပွဲနေ့တွေရဲ့ အမှတ်တရတွေကို အမြဲတမ်းရှင်သန်နေစေပါလိမ့်မယ်။ စိတ်အားထက်သန်တဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် လက်ဆောင်ပေးဖို့ အထူးသင့်လျော်ပြီး ဒီမြက်ခင်းတုံးလေးကို စာရေးခုံပေါ်မှာ တင်ထားနိုင်သလို တခြား မန်ချက်စတာယူနိုက်တက်အမှတ်တရပစ္စည်းတွေနဲ့အတူ ဗီရိုထဲမှာလည်း ထည့်သွင်းပြသထားနိုင်ပါတယ်" လို့ ဆိုပါတယ်။
ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်နှင့် အက်ဖ်အေဖလား အများအပြား ဆွတ်ခူးနိုင်ခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ခေတ်ကာလ၊ သမိုင်းဝင်မြက်ခင်းပြင်အစိတ်အပိုင်းတစ်ခုကို ပရိသတ်တွေကိုယ်တိုင်လည်း အမှတ်တရ သိမ်းဆည်းချင်မယ်ဆိုတာ သေချာသလောက်ပါပဲ။
ဒါပေမဲ့ ပရိသတ်တွေအတွက် အဓိကစိုးရိမ်စရာအချက်မှာ ပေါင် ၁ ဒဿမ ၆ ဘီလျံအထိ မယုံကြည်နိုင်စရာကောင်းလောက်အောင် မြင့်မားလာနေတဲ့ ယူနိုက်တက်ရဲ့ကြွေးမြီပမာဏနဲ့အတူ ဒီမြက်ခင်းပြင်အပိုင်းအစတွေကို ရောင်းချလာတဲ့ပုံစံက ပရိသတ်တွေအတွက် သမိုင်းဝင်အမှတ်တရပစ္စည်း သိမ်းဆည်းစေလိုတာထက် ငွေကြေးရရှိဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ပုံစံ ပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။