The network connection is lost.

Banner Image

မိုဆာလက်ရဲ့အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်လာတဲ့ ထရက်ဇွန်စပေါအသင်းဥက္ကဋ္ဌ

ထရက်ဇွန်စပေါအသင်းဥက္ကဋ္ဌအာတူဂရူဒိုဂန်က မိုဆာလက်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေကို တုံ့ပြန်ပြောကြားလိုက်ပါတယ်။ 

အခုနွေရာသီ၊ လီဗာပူးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာတဲ့ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးကို တူရကီထိပ်တန်းလိဂ်ကလပ်အသင်းနှစ်ခုအနက် တစ်ခုမှာ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

လတ်တလောမှာ အီဂျစ်ကြယ်ပွင့်က အသင်းလက်မဲ့ဖြစ်နေပြီး ဘက်ဆစ်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုတော့ ပြိုင်ဘက်ထရက်ဇွန်စပေါအသင်းရဲ့အံ့အားသင့်ဖွယ် ကြားဖြတ်ခေါ်ယူမှု ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မိုဆာလက်ကို ဆော်ဒီပရိုလိဂ် (သို့မဟုတ်) အမေရိကန်မေဂျာလိဂ်ဆီ ပြောင်းရွှေ့သွားနိုင်တယ်လို့ ခန့်မှန်းနေကြပေမဲ့ ကာယကံရှင်ကိုယ်တိုင်ကတော့ သူခြေစွမ်းပြသနိုင်မယ့် တူရကီလိဂ်ကိုပဲ စိတ်ဝင်စားနေပုံရပါတယ်။

အခုလိုအပြောင်းအရွှေ့သတင်းတွေအပေါ် ဥက္ကဋ္ဌဒိုဂန်ကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေခဲ့ပေမဲ့ မိုဆာလက်လိုကစားသမားမျိုးကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကလပ်အသင်းမဆို လိုချင်ကြလိမ့်မယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။

"စကားတွေ အများကြီးပြောနေကြပေမဲ့ မိုဆာလက်နဲ့ ဘာသဘောတူညီမှုမှ မရသေးပါဘူး။ မနက်ဖြန်၊ ထရက်ဇွန်စပေါဆီ သူရောက်လာမယ်ဆိုတဲ့ အစီအစဉ်မျိုးလည်း မရှိပါဘူး။ တကယ်လို့ အဲ့ဒီလိုအစီအစဉ်မျိုးသာရှိရင် ကျွန်တော်တို့က မီဒီယာတွေနဲ့ ပရိသတ်တွေဆီ အသိပေးသွားပါမယ်" လို့ ဒိုဂန်က A Spor သတင်းဌာနဆီ ပြောပါတယ်။

"ကျွန်တော်တို့ထဲမှာ မိုဆာလက်လို အဆင့်အတန်းရှိတဲ့ ကစားသမားမျိုးကို မလိုချင်သူ ရှိပါသလား? သေချာတာပေါ့၊ ကျွန်တော်တို့လည်း လိုချင်တာပေါ့။ ဒါပေမဲ့ အမှန်တရားကတော့ အခုချိန်မှာ ဘာသဘောတူညီမှုမှ မရှိသေးတာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် အများကြီး ထပ်မပြောချင်တော့ပါဘူး" လို့ သူက ဆိုပါတယ်။

လီဗာပူးမှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဖြတ်သန်းခဲ့တဲ့ မိုဆာလက်က ကြိုးကြာနီတွေအတွက် ပွဲ ၄၄၀ ကျော်ကစား၊ ၂၅၇ ဂိုးသွင်းယူကာ ဆုဖလားအောင်ပွဲ ၈ ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် အသက် ၃၄ နှစ်အရွယ်မှာ တူရကီမြေဆီ ပြောင်းရွှေ့တယ်ဆိုတာ မိုဆာလက်အတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်။