လီဗာပူးနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုသွားဖို့ သဘောတူညီမှု ရရှိသွားတဲ့ ဆိုဘိုဆလိုင်း
လီဗာပူးအသင်းကွင်းလယ်ကြယ်ပွင့်ဆိုဘိုဆလိုင်းက အသင်းနဲ့အတူ ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးအတွက် စိတ်ပျက်စရာကောင်းခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အသက် ၂၅ နှစ်အရွယ်ကစားသမားကတော့ အားကိုးရသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူက ကွင်းလယ်နေရာစုံအပြင် ညာနောက်ခံလူနေရာအထိ ပါဝင်ကစားပေးခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
လီဗာပူးအသင်း ရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့ ဆိုဘိုဆလိုင်းကတော့ သူ့ရဲ့အကောင်းဆုံးရာသီကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူက အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲကစားရာမှာ ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ ဆိုဘိုဆလိုင်းက လီဗာပူးမှာပဲ အနာဂတ်ဆက်ရှိနေပြီး အသင်းနဲ့အတူ ငါးနှစ်စာချုပ်သစ် ချုပ်ဆိုသွားဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။
လတ်တလောမှာ စာချုပ်သစ်ကိစ္စ နောက်ဆုံးအဆင့်ဆီ ရောက်ရှိနေပြီဖြစ်လို့ မကြာခင်မှာ တရားဝင်ထုတ်ပြန်ကြေညာသွားနိုင်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းကစားသမားတွေလည်း နည်းပြသစ်အီရာအိုလာလက်အောက် ရာသီကြိုလေ့ကျင့်မှုအစီအစဉ်တွေ ပြန်လည်စတင်နေပါပြီ။