ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကဆီ တကျော့ပြန်ဝင်ရောက်လာဖို့ သဘောတူညီခဲ့တဲ့ ယာဂန်ကလော့ပ်
ဂျူလီယန်နာဂယ်စ်မန်းရဲ့ ရာထူးနုတ်ထွက်မှုအပြီး ယာဂန်ကလော့ပ်က ဂျာမနီလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူညီလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာ စောစောစီးစီးထွက်ခွာလာရပြီးနောက် နာဂယ်စ်မန်းက ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးမှ နုတ်ထွက်ဖို့ ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိမှာ Red Bull လုပ်ငန်းစုရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ ကလော့ပ်ကို နာဂယ်စ်မန်းနေရာအစားထိုးဖို့ ဦးစားပေးရွေးချယ်မှုအဖြစ် သတ်မှတ်လာခဲ့ပြီး ဒါက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ပြန်လာမှုတစ်ခုလည်း ဖြစ်ပါတယ်။
လီဗာပူးနဲ့ဒေါ့မွန်နည်းပြဟောင်းကြီးက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကုန်၊ အန်ဖီးလ်မှ ထွက်ခွာလာပြီးနောက် နည်းပြတာဝန်တွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူက နည်းပြခုံတန်းဆီ ပြန်ရောက်လာဖို့ သေချာနေပါပြီ။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုကလည်း ဂျာမနီအသင်းနည်းပြသစ်ရှာဖွေနေချိန် ကလော့ပ်ရဲ့အပြောင်းအရွှေ့ အတည်ဖြစ်သွားလို့ တနင်္ဂနွေနေ့မနက်ပိုင်းမှာပဲ အတည်ပြုလိုက်ပါတယ်။
" ယာဂန်ကလော့ပ်က ဂျာမနီအသင်းရဲ့နည်းပြသစ် ဖြစ်လာပါပြီ၊ အတည်ဖြစ်သွားပါပြီ (Here we go!)။ ကလော့ပ်က နည်းပြချုပ်အဖြစ် တာဝန်ယူဖို့ လက်ခံလိုက်ပါပြီ။ ရေရှည်စာချုပ်အသေးစိတ်၊ စီမံကိန်းတွေနဲ့ Red Bull လုပ်ငန်းစုမှထွက်ခွာမယ့်ကိစ္စတွေကိုတော့ ဆွေးနွေးနေဆဲ ဖြစ်ပေမဲ့ ကလော့ပ်ပဲ နည်းပြသစ်ဖြစ်လာပါလိမ့်မယ်။ ကလော့ပ်နေရာအစားထိုးဖို့ ဂလက်စနာကို Red Bull စဉ်းစားခဲ့ပေမဲ့ ဂလက်စနာက နော်တင်ဟမ်ဖောရက်စ်ကို ရွေးချယ်သွားပါတယ်။ ကလော့ပ် ပြန်လာပါပြီ" လို့ ရိုမာနိုက ရေးသားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်နည်းပြကြီးက အခုသီတင်းပတ်အတွင်းမှာပဲ ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတာ အတည်ပြုခဲ့ပြီး Red Bull နဲ့ စာချုပ်သက်တမ်းရှိနေသေးချိန် လက်ရွေးစင်အသင်းနည်းပြတာဝန်ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောကြားခဲ့ပါတယ်။