စတုဂတ်နဲ့ပွဲစဉ်အပြီး အိပ်မက်ဆန်ဆန်ညတစ်ခုအကြောင်း ပြောပြလာတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟယ်ရီကိန်း
စတုဂတ်နဲ့ရင်ဆိုင်ရတဲ့ ပိုကယ်လ်ဖလားဗိုလ်လုပွဲမှာ အံ့အားသင့်စရာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက အခုဘောလုံးရာသီကို သူ့အတွက် "ပြီးပြည့်စုံတဲ့ အဆုံးသတ်" တစ်ခုအဖြစ်လို့ အမွှမ်းတင်ပြောဆိုလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားက အခုပွဲစဉ်မှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပိုကယ်လ်ဖလားပြိုင်ပွဲရဲ့သမိုင်းမှတ်တမ်းမှာ သူ့ရဲ့နာမည်ကို ရေးထိုးနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းက အသင်းဖော်တွေနဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာဖြစ်ဖို့သာ အဓိကရည်ရွယ်ထားခဲ့ပြီး အခုလိုအဆုံးအဖြတ်ပုံစံမျိုးနဲ့ စွမ်းဆောင်ပေးနိုင်မှုအတွက် အလွန်ဝမ်းမြောက်မိတယ်လို့ ရှင်းပြခဲ့ပါတယ်။
"ဒါ ကျွန်တော့်ကစားသမားဘဝသက်တမ်းတလျှောက် အကောင်းဆုံးညတွေအနက် တစ်ခု ဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲကို ကျွန်တော် တကယ်ကို မျှော်လင့်စောင့်စားနေခဲ့ပါတယ်" လို့ ဟယ်ရီကိန်းက ကလပ်အသင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။
"ဒီအသင်းနဲ့အတူ ဗိုလ်လုပွဲအတွေ့အကြုံရှိဖူးတဲ့ ကစားသမားတွေဆီမှ အကြောင်းအရာတွေ အများကြီး ကြားဖူးခဲ့ပါတယ်။ ကျွန်တော်ကတော့ အသင်းဖော်တွေရော၊ ပရိသတ်တွေကိုပါ ဂုဏ်ယူစေချင်ခဲ့တာပါ။ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းနိုင်တယ်ဆိုတာ တကယ်ကို ထူးခြားတဲ့ပွဲ၊ ထူးခြားတဲ့ ခံစားချက်ပါပဲ။ အဲဒီအတွက်လည်း အရမ်းဂုဏ်ယူမိပါတယ်။ အခုရာသီက တကယ်ကို ရှည်လျားပြီး ပင်ပန်းခဲ့ပေမဲ့ အခုလိုမျိုး အဆုံးသတ်နိုင်တယ်ဆိုတာ တကယ်ကို ပြည့်စုံလွန်းပါတယ်" လို့ ၎င်းက ဆိုပါတယ်။