လီဂူး၀မ်းအောင်ပွဲကို ချီးကျူးပြီးနောက် ချန်ပီယံလိဂ်ဆီအာရုံစိုက်သွားဖို့ တိုက်တွန်းလိုက်တဲ့ ပီအက်စ်ဂျီဥက္ကဋ္ဌအယ်လ်ခီလိုင်ဖီ
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌနာဆာအယ်လ်ခီလိုင်ဖီက လီဂူးဝမ်းချန်ပီယံဆုကို စံချိန်တင်ထပ်မံဆွတ်ခူးနိုင်မှုအတွက် သူ့ရဲ့အသင်းကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။
အောင်ပွဲအပြီး ထုတ်ပြန်ချက်မှာတော့ အယ်လ်ခီလိုင်ဖီက အားလုံးရဲ့စုပေါင်းအားထုတ်မှုကြောင့် အခုလိုအောင်မြင်မှုမျိုး ရရှိခဲ့တယ်လို့ အလေးပေးပြောကြားခဲ့ပြီး ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းဝန်ထမ်းတွေအားလုံးကြောင့်သာ ပြည်တွင်းလိဂ်မှာ နောက်ထပ်တစ်ကြိမ်လွှမ်းမိုးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဂုဏ်ပြုခဲ့ပါတယ်။
ဆက်လက်ပြီး သူက ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့မှာ အာဆင်နယ်နဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
အယ်လ်ခီလိုင်ဖီက "ကျွန်တော်တို့ရဲ့ ၁၄ ကြိမ်မြောက် ပြင်သစ်လိဂ်ချန်ပီယံဆုအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ငါးရာသီဆက်လီဂူးဝမ်းချန်ပီယံအောင်ပွဲလည်း ဖြစ်ပါတယ်"
"အံ့မခန်းစွမ်းဆောင်ပြခဲ့မှုတွေအတွက် ကစားသမားတွေ၊ လူးဝစ်အင်းနရစ်၊ လူးဝစ်ကန်ပို့စ်နဲ့ ဝန်ထမ်းတွေအားလုံးကို ဂုဏ်ပြုပါတယ်လို့ ပြောချင်ပါတယ်"
"အခုအောင်မြင်မှုက အသင်းမှာရှိသူတိုင်းရဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ စုပေါင်းအားထုတ်မှုရလဒ်ဖြစ်သလို လူငယ်ကစားသမား ၅ ဦးအထိ ပွဲထုတ်လာနိုင်ခဲ့တဲ့ ကျွန်တော်တို့အကယ်ဒမီရဲ့အားကောင်းမှုလည်း ဖြစ်ပါတယ်"
"ပီအက်စ်ဂျီအတွက် တကယ့်ကြယ်ပွင့်ဆိုတာ ကျွန်တော်တို့ရဲ့စုပေါင်းအားထုတ်မှုပဲ ဖြစ်ပါတယ်။ သွားလေရာတိုင်းမှာ အားပေးကြတဲ့ အံ့အားသင့်စရာပရိသတ်ကြီးရဲ့ပံ့ပိုးမှုလည်း ပါဝင်ပါတယ်။ အခုတော့ ကျွန်တော်တို့ရဲ့အာရုံစိုက်မှုအားလုံးက ဘူဒါပတ်စ်မှာရှိမယ့် နောက်ထပ်စိန်ခေါ်မှုဆီ ပြောင်းလဲသွားပါပြီ။ သမိုင်းသစ်တွေကို အတူတူဆက်ရေးထိုးဖို့အတွက် လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်" လို့ ဆိုပါတယ်။