ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးတို့ အဆုံးအထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဖိုဒန် အခိုင်အမာဆို
ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဖီးလ်ဖိုဒန်က မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရာသီကုန်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမား ဖိုဒန်ဟာ အဆိုပါပွဲစဉ်မှာ ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးခဲ့ပြီး ပက်ဂွါဒီယိုလာရဲ့အသင်း ချန်ပီယံဆုဆီ ချဉ်းကပ်နိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဖိအားတွေရှိနေပေမဲ့လည်း ယခင်က ကြုံတွေ့ခဲ့ဖူးတဲ့ ချန်ပီယံလုပွဲ အတွေ့အကြုံတွေက ရာသီနောက်ဆုံးအဆင့်တွေမှာ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်လို့ ဖိုဒန်က ယုံကြည်နေပါတယ်။
"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပြိုင်ဘက်တွေကို အမြဲတမ်းဖိအားပေးပြီး အဆုံးထိ ကြိုးစားသွားဖို့ပါပဲ။ ရာသီနောက်ဆုံးပွဲစဉ်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ဖူးပါတယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့ အခြေအနေမျိုးတွေကိုလည်း ကျွန်တော် အကြိမ်ကြိမ် ကြုံဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်က လုပ်ရမယ့်အလုပ်ကို အကောင်းဆုံး ဆက်လုပ်သွားဖို့ပဲ လိုပါတယ်" လို့ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။
"ရာသီရဲ့ အခုလိုအချိန်မှာ နိုင်ပွဲရဖို့က တကယ်ကို အရေးကြီးပါတယ်။ ဒဏ်ရာကနေ ကြာမြင့်စွာနားခဲ့ရတဲ့ ယော်စကို (Josko Gvardiol) လို ကစားသမားမျိုးတွေ ပြန်ပါလာတာကလည်း ကျွန်တော်တို့ကို စိတ်လှုပ်ရှားစေပြီး အဆင်သင့်ဖြစ်စေပါတယ်။ ဒါဟာ နိုင်ကိုနိုင်ရမယ့်ပွဲကြီးတစ်ပွဲဖြစ်လို့ အခုလိုနိုင်ခဲ့တာကို အရမ်းဝမ်းသာပါတယ်" လို့လည်း သူက ဆိုပါတယ်။
ဖိုဒန်ဟာ ပဲလေ့စ်နဲ့ပွဲ ပထမပိုင်းမှာတင် ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုရဲ့ ပထမပိုင်းအတွင်း ဂိုးဖန်တီးမှု အများအပြား ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
"ပထမဂိုး ဖန်တီးမှုမှာတော့ ဘောလုံးမရခင်မှာ အခြေအနေကို အကဲခတ်ခဲ့ပြီး အန်တွမ်နီ (Antoine Semenyo) ရဲ့ လှုပ်ရှားမှုက အရမ်းကောင်းတာကို တွေ့လိုက်ပါတယ်။ ဒါမျိုးက တစ်ခါတလေမှာ မအောင်မြင်တတ်ပေမဲ့ စမ်းကြည့်ရတာ တန်ပါတယ်။ အဲဒီကနေ ဂိုးရသွားလို့လည်း တကယ်ကို ပျော်ပါတယ်။ အသင်းအတွက် ဂိုးရအောင် ကူညီပေးနိုင်ပြီး ရမှတ် ၃ မှတ်ရခဲ့လို့ ကျေနပ်မိပါတယ်။ ဒုတိယဂိုးအတွက်ကတော့ နောက်ခံလူက ကျွန်တော့်ဆီ အရမ်းကပ်လာတာကြောင့် အိုမာ (Omar) ဆီ ရောက်သွားအောင် ပံ့ပိုးပေးခဲ့တာပါ၊ အခြေအနေကတော့ နည်းနည်းတော့ ဝဝါးဝါးဖြစ်သွားခဲ့ပါတယ်" လို့ ဖိုဒန်က ၎င်းရဲ့ ဂိုးဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ ရာသီဝက် ပထမပိုင်း ခြေစွမ်းက ကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ နည်းနည်းကျသွားခဲ့ပါတယ်။ အသင်းမှာ နေရာပြန်ရဖို့ ရုန်းကန်ခဲ့ရပေမဲ့ ဒါဟာ ထိပ်တန်းကစားသမားတွေရှိတဲ့ အသင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါ။ သူတို့က ကိုယ့်ထက် ပိုကောင်းနေရင် သူတို့ပဲ ကစားရမှာပါ။ ကျွန်တော် စိတ်ရှည်ရှည်နဲ့ အကောင်းဆုံး ကြိုးစားခဲ့ရပါတယ်။ အခွင့်အရေးရလာတဲ့အချိန်မှာ အမိအရ ဆုပ်ကိုင်နိုင်ဖို့က အရေးကြီးပါတယ်။ အသင်းလိုက် ရည်မှန်းချက်က ဖလားရဖို့ ဖြစ်တာကြောင့် လူတိုင်းမှာ တာဝန်ရှိပါတယ်" လို့ ဖိုဒန်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။