The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဘယ်အရာက အဓိကကျခဲ့သလဲဆိုတာ ထုတ်ပြောလာတဲ့ ဘက်တစ်နည်းပြပယ်လီဂရီနီ

ပြီးခဲ့တဲ့အင်္ဂါနေ့၊ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးငါးသင်းစာရင်းဝင်အဖြစ် ရာသီသိမ်းဖို့ သေချာခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိမှုကို ဘောလုံးရာသီစတင်ချိန် ပထမဆုံးနေ့ရက်ကတည်းကချမှတ်လာတဲ့ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ခြင်းအဖြစ်  ဘက်တစ်နည်းပြပယ်လီဂရီနီက တင်စားပြောဆိုခဲ့ပါတယ်။
 
ဘက်တစ်က အယ်လ်ချီကို အိမ်ကွင်းမှာ ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲဆီ ပါဝင်ယှဉ်ပြို်ငခွင့် ရရှိခဲ့ပါတယ်။
 
ပယ်လီဂရီနီရဲ့အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာလည်း ဥရောပပြိုင်ပွဲတွေနဲ့ မစိမ်းလှဘဲ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဥရောပအဆင့်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင် ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ ကွန်ဖရန့်လိဂ်ဖလားဗိုလ်လုပွဲကို ဆင်နွှဲခဲ့ပါတယ်။
 
"ဥရောပပြိုင်ပွဲတွေမှာ ခြောက်နှစ်ဆက်ပါဝင်ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်ကူသလို အခုလိုရာသီကုန်ဖို့ နှစ်ပွဲအလိုမှာတင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဆိုတာ ပိုပြီးတော့တောင် ခက်ခဲပါတယ်" လို့ အသက် ၇၂ နှစ်အရွယ်နည်းပြကြီးပယ်လီဂရီနီက သတင်းထောက်တွေကို ပြောပါတယ်။
 
"ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးအရည်အသွေးကတော့ ရှုံးနိမ့်မှုတွေနဲ့ကြုံရတိုင်း ပြန်ပြီးရုန်းထလာနိုင်တာပါပဲ။ အတိတ်မှာကြုံခဲ့ရတဲ့ အခက်အခဲတိုင်းကို ဒီနေ့၊ အိမ်ကွင်းမှာ ပရိသတ်တွေနဲ့အတူပျော်ရွှင်စွာအောင်ပွဲခံနိုင်မှုက အစားထိုးနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ဒီပျော်ရွှင်မှုတွေအတွက် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
 
"ဒီရာသီရဲ့ပထမဆုံးပွဲစဉ်ကိုလည်း အယ်လ်ချီနဲ့ပဲ စတင်ခဲ့တာပါ။ ပွဲမစခင် အသင်းသားတွေနဲ့ စကားပြောပြီးနောက်မှာ 'ချန်ပီယံလိဂ်ဆီသွားမယ့်ခရီးစဉ် စတင်တဲ့နေ့' ဆိုတဲ့ စာလုံးအစိမ်းရောင်လေးတွေကို ရေးသားခဲ့ကြပါတယ်" လို့ ဆိုပါတယ်။
 
ဘက်တစ်က လာမယ့်တနင်္ဂနွေနေ့မှာတော့ ပူပူနွေးနွေးလာလီဂါချန်ပီယံဘာစီလိုနာနဲ့ ရင်ဆိုင်ကစားရပါမယ်။