အာဆင်နယ်အသင်းက ချန်ပီယံဆုကို ရရှိဖို့ အလားအလာအရှိဆုံးအသင်း ဖြစ်လာပြီလို့ မာဆင် အခိုင်အမာဆို
အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ပေါလ်မာဆင်ကတော့ လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ပရီမီယာလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပြီလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
နယူးကာဆယ်ကို အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်ဟာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပေမဲ့ ၃ မှတ်အသာနဲ့ ပရီမီယာလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။
"အာဆင်နယ်အနေနဲ့ နောက်အပတ် ဖူဟမ်နဲ့ အိမ်ကွင်းပွဲစဉ်မှာသာ ထပ်ပြီး အနိုင်ရမယ်ဆိုရင် သူတို့ ချန်ပီယံဖြစ်မှာပါ" လို့ မာဆင်က Sky Sports အစီအစဉ်မှာ ပြောခဲ့ပါတယ်။
သူက ဆက်လက်ပြီး "ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။ ရာသီအစကတည်းက အာဆင်နယ် ချန်ပီယံဖြစ်မယ်လို့ ကျွန်တော် ပြောခဲ့တာပါ။ အခုကတော့ အခြေအနေက တော်တော်လေး ကျဉ်းမြောင်းလာပေမဲ့ အကယ်၍ သူတို့သာ ၆ မှတ်အကွာနဲ့ ဖြတ်ထားနိုင်မယ်ဆိုရင် ၆ မှတ်အနောက်ကနေ လိုက်နေရတဲ့ မန်စီးတီးအတွက် အဲဗာတန်အသင်းရဲ့ အဝေးကွင်းပွဲဟာ တော်တော်လေး ခက်ခဲတဲ့ပွဲ ဖြစ်သွားပါလိမ့်မယ်" လို့ ဆိုပါတယ်။
လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်ကလည်း "ကျွန်တော်ကတော့ အခွင့်အရေးက တစ်ဝက်စီ (၅၀-၅၀) ရှိတယ်လို့ တကယ်ပဲ ယုံကြည်ပါတယ်။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဂိုးကွာခြားချက်နဲ့ အဆုံးအဖြတ်ပေးရမယ့် အခြေအနေမျိုးအထိတောင် ရောက်သွားနိုင်ပါတယ်။ အခုအချိန်မှာ ဖိအားတွေကိုလည်း မြင်တွေ့နေရပါပြီ" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ အင်္ဂါနေ့ညက မန်စီးတီးနဲ့ ဘန်လေတို့ ကစားတဲ့ပွဲကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ကစားပုံမှာ ဖိအားအနည်းငယ် ရှိနေတာကို တွေ့ရတယ်။ ဒါကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါသေးတယ်" လို့လည်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။