အစားထိုးမယ့်သူကိုပါ ရှာဖွေထားပြီးဖြစ်လို့ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် လီဝန်ဒေါစကီး
ပိုလန်တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ ကမ့်နူးကွင်းမှာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ အောင်မြင်တဲ့ ၄ နှစ်တာခရီးစဉ်ကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။ နာမည်ကျော်သတင်းထောက် ဂွီလမ် ဘာလိတ်ဂ်ရဲ့ အဆိုအရ လီဝန်ဒေါစကီးဟာ ၂၀၂၂ ခုနှစ်မှာ အသင်းကို စတင်ရောက်ရှိလာကတည်းက သွင်းဂိုးပေါင်း ၁၂၀ နီးပါးအထိ သွင်းယူပေးထားနိုင်ခဲ့ပေမဲ့ အခုတော့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဘက်ကတော့ သူ့ကို အသင်းမှာ ဆက်ပြီး ရှိနေစေချင်ပေမဲ့ လစာလျှော့ယူဖို့နဲ့ အသင်းမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားပေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ လာမယ့်ရာသီမှာ အသက် ၃၈ နှစ်ပြည့်တော့မယ့် ဝါရင့်တိုက်စစ်မှူးကြီးကတော့ ဒီကမ်းလှမ်းချက်ကို သဘောမကျခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတို့က လီဝန်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးပြီး အသင်းရဲ့ ခေတ်သစ်ကို ဦးဆောင်ပေးဖို့အတွက် ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို အဓိကပစ်မှတ်အဖြစ် လျာထားတယ်လို့ သိရပါတယ်။