မာဆေးဆိုဒ်ဒါဘီနိုင်ပွဲအပြီး အဲဗာတန်ပရိသတ်တွေကို ခနဲ့လိုက်တဲ့ ကာတစ်ဂျုံးစ်
တနင်္ဂနွေနေ့၊ Hill Dickinson ကွင်းမာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ လီဗာပူးအသင်း အနိုင်ရရှိပြီးနောက် ကွင်းလယ်လူကာတစ်ဂျုံးစ်က အဲဗာတန်ပရိသတ်တွေကို ခနဲ့တဲ့တဲ့ပြောကြားခဲ့ပါတယ်။
အဲဒီပွဲစဉ်ရဲ့ပွဲချိန် မိနစ် ၁၀၀ မှာ ဗန်ဒိုက်သွင်းယူပေးခဲ့တဲ့ဂိုးကြောင့် လီဗာပူးက ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး Viaplay နဲ့တွေ့ဆုံချိန် ကာတစ်ဂျုံးစ်က "ဒါ ကျွန်တော်တို့အသင်းက ဘယ်လိုအသင်းမျိုးလဲ၊ သူတို့အသင်းကရော ဘယ်လိုအသင်းမျိုးလဲဆိုတာကို ပြလိုက်တာပါပဲ။ ကျွန်တော်တို့အတွက် အဆိုးရွားဆုံးဘောလုံးရာသီဖြစ်နေတာတောင် သူတို့က ကျွန်တော်တို့နောက် နှစ်မှတ်ပဲကွာတော့တယ်ဆိုပြီး ပျော်နေကြတာလေ။ ဒါကိုပဲ သူတို့က ခြေလှမ်းသစ်တစ်ခု ဒါမှမဟုတ် လမ်းကြောင်းမှန်ပေါ် ရောက်လာတယ်လို့ ယူဆနေကြတာလားတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကို လိုက်မှီဖို့ ကြိုးစားနေတဲ့ အသင်းတွေအကြောင်း ထည့်မစဉ်းစားပါဘူး။ အမြဲတမ်း ရှေ့ကိုပဲကြည့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပဲ အာရုံစိုက်ထားပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကာတစ်ဂျုံးစ်က အိမ်ရှင်ပရိသတ်တွေနဲ့ စကားများနေလို့ ဗန်ဒိုက်ရဲ့အနိုင်ဂိုးကိုတောင် မမြင်လိုက်ရဘူးလို့ ဝန်ခံခဲ့ပါတယ်။
talkSPORT နဲ့ အင်တာဗျူးမှာ "တကယ်တော့ ဗန်ဒိုက် ဂိုးသွင်းလိုက်တာကို ကျွန်တော် မမြင်လိုက်ရပါဘူး။ အဲဒီအချိန်မှာ ပရိသတ်တွေနဲ့ အခြေအတင်ဖြစ်နေတာပါ။ ပြီးတော့မှ ပရိသတ်တွေ အုန်းအုန်းကျွက်ကျွက် အော်ဟစ်သံတွေ ကြားလိုက်ရပြီး ဗန်ဒိုက် ပြေးထွက်သွားတာကို မြင်မှ ဂိုးဝင်သွားမှန်း သိတာပါ။ ဒါကြောင့်လည်း ကျွန်တော်က ပရိသတ်တွေကို ရယ်မောနေခဲ့တာပါ။ တကယ်ကို ကောင်းမွန်တဲ့ နေ့တစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်လည်း အရမ်းပျော်ပါတယ်" လို့ ကာတစ်ဂျုံးစ်က ဆိုပါတယ်။