ပွဲဦးထွက်ကစားမယ့်စတာလင်အတွက် ဘယ်လိုစီမံပေးထားသလဲဆိုတာ ရှင်းပြခဲ့တဲ့ ဖီယင်နုနည်းပြဗန်ပါစီ
ဖီယင်နုနည်းပြရော်ဘင်ဗန်ပါစီက မနက်ဖြန်မှာ ပွဲဦးထွက်ကစားနိုင်ခြေရှိတဲ့ ရာဟင်မ်စတာလင်အတွက် ဘယ်လိုစီမံပေးထားသလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မန်စီးတီး၊ လီဗာပူး၊ ချယ်လ်ဆီးတောင်ပံကစားသမားဟောင်းက တဲလ်စတားအသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဖီယင်နုအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။
စတာလင်က အခုဘောလုံးရာသီမှာ ပြိုင်ပွဲအသွင်ပွဲစဉ်တွေ ကစားထားခြင်းမရှိလို့ သူ့ကို အလောတကြီးအသုံးပြုရမယ့်အရေးကိုတော့ ဖီယင်နုအသင်းတာဝန်ရှိသူတွေ သတိထားနေကြပါတယ်။
ဗန်ပါစီက "ကျွန်တော်တို့က စတာလင်ကို အမြန်ဆုံးပါဝင်ကစားစေချင်တယ်ဆိုတာ အမှန်ပါပဲ၊ ဒါပေမဲ့လည်း အခြေအနေအရ သင့်တင့်မျှတအောင်တော့ လုပ်ရပါမယ်။ အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားနေပြီး ဖြစ်နိုင်မယ်ဆိုရင်တော့ တနင်္ဂနွေနေ့မှာ သူပါဝင်ကစားမယ်" လို့ ဆိုပါတယ်။
"ရာသီကုန်ဖို့ ၁၁ ပွဲပဲကျန်တော့တယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တော့ အတင်းအကျပ်ဖိအားပေးပြီး ကစားခိုင်းမှာ မဟုတ်ပါဘူး။ လုံးဝမလုပ်ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး အမြန်ဆုံးနဲ့ စိတ်အချရဆုံး၊ အတည်ငြိမ်ဆုံးဖြစ်မယ့်အချိန်မှာတော့ သူ ပါဝင်ကစားသွားပါလိမ့်မယ်" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။