The network connection is lost.

Banner Image

အဲဗာတန်နှင့်ပွဲစဉ်မှာ အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ကျေနပ်နေတဲ့ ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင်ဗာဂျေးဗန်ဒိုက်က အဲဗာတန်နှင့်ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ အနိုင်ဂိုးကို ပုဂ္ဂိုလ်ရေးအရ အလွန်အရေးပါလွန်းတဲ့ဂိုးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့၊ Hill Dickinson ကွင်းပွဲစဉ်မှာ လီဗာပူးက ဗန်ဒိုက်ရဲ့ပွဲချိန်မိနစ် ၁၀၀ ခေါင်းတိုက်ဂိုးနဲ့အတူ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒီသွင်းဂိုးနဲ့ အဲဗာတန်ကိုပဲ သွင်းယူခဲ့တဲ့ လီဗာပူးကစားသမားဘ၀ပွဲဦးထွက်အဖွင့်ဂိုးတို့အကြား ဘယ်လိုကွာခြားသလဲဆိုတဲ့မေးခွန်းကို ဒတ်ချ်နောက်ခံလူက "အဲ့ဒီဂိုးနဲ့တော့ မတူပါဘူး၊ ပွဲဦးထွက်မှာသွင်းခဲ့တဲ့ဂိုးက ကျွန်တော့်အတွက်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ ညတစ်ခုဖြစ်ခဲ့ပါတယ်"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ အခုလိုအခြေအနေမျိုးမှာ ဒီနေ့သွင်းယူလိုက်တဲ့ဂိုးက တကယ်ကို အရေးကြီးပါတယ်။ ကျွန်တော့်အမြင်အရ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတယ်ဆိုတာ လီဗာပူးလိုအသင်းမျိုးနဲ့ မထိုက်တန်ပေမဲ့ ဒါက လက်ရှိရင်ဆိုင်နေရတဲ့ အရှိတရား ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲစဉ်မှာ အနိုင်ရဖို့ဆိုတာ အလွန်အရေးကြီးခဲ့ပြီး အခုလို နိုင်ပွဲရခဲ့လို့လည်း ဝမ်းသာမိပါတယ်" ဟု ဗန်ဒိုက်က ဆိုသည်။

ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရေးမျှော်လင့်ချက်ပိုမိုအားကောင်းလာခြင်းနဲ့ပတ်သက်လို့ ဗန်ဒိုက်မှာ ယုံကြည်မှုအပြည့် ရှိလာနေပါတယ်။

သူက "ရာနှုန်းပြည့် သေချာပါတယ်။ ကျွန်တော်တို့မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းတွေနဲ့ ကစားဖို့ ၅ ပွဲ ကျန်ပါသေးတယ်။ ပွဲတိုင်းကတော့ ပွဲကြီးပွဲကောင်းတွေပါပဲ။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ၊ အသင်းမှာရှိတဲ့ အရည်အသွေးနဲ့ယှဉ်ရင် ဒီရာသီဖြတ်သန်းနေရတဲ့ပုံစံက စံချိန်စံညွှန်းအောက် ရောက်နေလို့ ကျွန်တော်တို့အားလုံး စိတ်ပျက်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားရပါမယ်။ အခုလို ခက်ခဲနေတဲ့ ရာသီဆိုးကြီးမှ အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာအောင် ဆက်ပြီး ကြိုးစားသွားရပါမယ်" လို့လည်း သူက ဆိုပါတယ်။