The network connection is lost.

Banner Image

ဒိုင်လူကြီးကိုတွန်းခဲ့ပေမယ့် အဝါကတ်ပြစ်ဒဏ်ကိုသာခံယူခဲ့ရတဲ့ မာတင်နယ်လီအတွက်ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိတဲ့‌ ဟော်ဆေး

စနေနေ့က ကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ် ဆောက်သမ်တန်နဲ့ပွဲမှာ အာဆင်နယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီး ဆမ်ဘာရော့တ်ကို တွန်းခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီဟာ FA ရဲ့ အရေးယူမှုကနေ လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကစားသမားဟာ ပွဲပြီးခါနီး အပိုဆောင်းအချိန်မှာ ဒိုင်လူကြီးက သူ့ကို အဝါကတ်ပြသခဲ့ပြီးနောက် ဘာရော့တ်ကို တွန်းခဲ့တာပါ။ ဘာရော့တ်က ပြစ်ဒဏ်ဘောကို အမြန်ကန်ဖို့ ပြင်ဆင်နေချိန်မှာ အာဆင်နယ်တိုက်စစ်မှူးရဲ့ တွန်းခြင်းကို ခံခဲ့ရတာကြောင့် မာတင်နယ်လီကို အဝါကတ်ပြဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မာတင်နယ်လီအတွက် အခုရရှိထားတဲ့ အဝါကတ်အပြင် နောက်ထပ် ထပ်တိုးအပြစ်ပေးမှုတွေ ရှိလာမှာ မဟုတ်ပါဘူး။ ဖြစ်စဉ်ဖြစ်ပွားချိန်မှာပဲ ဒိုင်လူကြီး ဘာရော့တ်က ချက်ချင်းအရေးယူမှု ပြုလုပ်ခဲ့တာကြောင့် FA အနေနဲ့ ဒီကိစ္စကို ထပ်မံစုံစမ်းစစ်ဆေးမှာ မဟုတ်သလို ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေလည်း လုပ်ဆောင်မှာမဟုတ်ကြောင်း The Athletic က ဖော်ပြထားပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒိုင်လူကြီးဟောင်း မာ့ခ်ဟော်ဆေးက "ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဂါဘရီရယ် မာတင်နယ်လီဟာ အဲ့ဒီအခြေအနေမှာ ကွင်းလယ်ဒိုင် ဆမ်ဘာရော့တ်အပေါ် လုံးဝကို မလေးမစား လုပ်ခဲ့တာပါ။ ဆမ်က အဝါကတ်ပဲ ပြခဲ့ပေမဲ့ ကျွန်တော့်အမြင်မှာတော့ ဒါဟာ အနီကတ်ပြရမယ့် လုပ်ရပ်ပါ။ ဒိုင်လူကြီးကို လမ်းကနေ ဖယ်ခိုင်းဖို့ တွန်းထုတ်တာမျိုး နေနေသာသာ ဒိုင်လူကြီးအပေါ် လက်တင်တာမျိုးတောင် လုံးဝ မလုပ်သင့်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသတွင်း ပန်းခြံကွင်းတွေထဲမှာ စနေ၊ တနင်္ဂနွေနေ့တိုင်း သွားရောက် တာဝန်ယူနေရတဲ့ ဒိုင်လူကြီးတွေကိုလည်း ပြန်ကြည့်ပေးကြပါဦး။ အခုလိုလုပ်ရပ်က အဲ့ဒီဒေသတွင်းကွင်းတွေမှာ တာဝန်ယူနေရတဲ့ ဒိုင်လူကြီးတွေအတွက် ဘယ်လိုမျိုး သတင်းစကားပါးလိုက်တာ ဖြစ်မလဲ (ဘယ်လို နမူနာဆိုး ဖြစ်သွားမလဲ)" လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။