နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားတွေကို ရောင်းထုတ်ပြီး ပေါင်သန်း ၁၀၀ ရရှိဖို့ ယူနိုက်တက် စီစဉ်နေ
ယူနိုက်တက် တာဝန်ရှိသူတွေဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ကစားသမား အတော်များများကို ရောင်းထုတ်ဖို့ စီစဉ်နေကြပါတယ်။
ဒီရာသီကုန်မှာ ကစားသမားတွေကို ရောင်းထုတ်ပြီး ပေါင်သန်း ၁၀၀ ကျော်အထိ ရရှိဖို့ ယူနိုက်တက်က ရည်မှန်းထားတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
မားကပ်စ် ရက်ရှ်ဖို့ဒ်က အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး ဘာစီလိုနာအသင်းက သူ့ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ရာ့စ်မတ်စ် ဟွိုင်လန်းကလည်း အသင်းကနေ ထွက်ခွာဖို့ ရာနှုန်းပြည့် နီးပါး သေချာနေပြီး နာပိုလီအသင်းမှာ ပေါင် ၃၈ သန်းနဲ့ မဖြစ်မနေ ဝယ်ယူရမယ့် အချက် ပါဝင်နေပါတယ်။
ယူနိုက်တက်ဟာ ဒီနွေရာသီမှာ မန်နူရယ်လ် အူဂါတေး၊ ဂျိုရှူအာ ဇက်ဇီနဲ့ အန်ဒရေ အိုနာနာတို့ကိုလည်း ရောင်းထုတ်နိုင်ပါတယ်။ အိုနာနာကတော့ လက်ရှိမှာ ထရက်ဇွန်စပေါ်အသင်းဆီ အငှားသွားရောက် ကစားနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကတ်စီမီရိုကတော့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ အသင်းကနေ ထွက်ခွာမှာကတော့ အတော်လေးကို ရှင်းလင်းနေပြီ ဖြစ်ပါတယ်။ ဂျေဒန် ဆန်ချိုနဲ့ တိုင်ရယ်လ် မာလာစီယာတို့ကလည်း ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေး (Bosman transfers) တွေနဲ့ အသင်းကနေ ထွက်ခွာကြဖို့ ရှိနေပါတယ်။