ယူနိုက်တက်ရဲ့ ကျဆုံးမှုတွေအတွက် နည်းပြတွေထက် ကစားသမားတွေမှာပဲ တာဝန်ရှိတယ်လို့ဆိုလာတဲ့ ပီကေး
၂၀၁၃ ခုနှစ် ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက မန်ချက်စတာယူနိုက်တက်အသင်း ရုန်းကန်နေရတဲ့ အခြေအနေတွေအတွက် ကစားသမားတွေမှာပဲ တာဝန်ရှိတယ်လို့ ဘာစီလိုနာဂန္ထဝင် ပီကေးက ပြောကြားလိုက်ပါတယ်။
ပီကေးဟာ လူငယ်ကစားသမားဘဝမှာ ဘာစီလိုနာကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဖာဂူဆန်ရဲ့ အသင်းကြီးမှာ ပါဝင်ကစားခွင့်ရခါစ အချိန်မှာပဲ နူးကမ့် (ဘာစီလိုနာ) ဆီကို ပြန်လည်ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
The Late Run Show အစီအစဉ်မှာ ပီကေးက "သူတို့ (ယူနိုက်တက်) ဟာ ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံထားတာကြောင့် ကစားသမားတွေအနေနဲ့ သူတို့ရဲ့ တန်ဖိုးကို သက်သေပြဖို့ လိုပါတယ်။ အခုချိန်မှာတော့ ရလဒ်တွေမကောင်းတဲ့အခါ နည်းပြကို အပြစ်တင်ဖို့က အရမ်းလွယ်ကူနေပါတယ်" လို့ ဆိုပါတယ်။
"ဒါဟာ ဘောလုံးလောကမှာ အမြဲလိုလို ဖြစ်နေကျပါပဲ။ အသင်းက ခြေစွမ်းမပြနိုင်ရင် နည်းပြကပဲ အပြစ်တင်ခံရတတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ်တော့ မမှန်ပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။
လက်ရှိမှာ စပိန်ဒုတိယတန်းကလပ် အန်ဒိုရာအသင်းရဲ့ ပိုင်ရှင်ဖြစ်နေတဲ့ ပီကေးက ကစားသမားတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
"ကွင်းထဲမှာ ကစားနေတာက ကစားသမားတွေဖြစ်ပြီး သူတို့ကိုယ်တိုင်ကပဲ ရလဒ်ကောင်းအောင် လုပ်ပေးရမှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နည်းပြတွေ အများကြီး ပြောင်းလဲခဲ့ပြီးပြီ ဖြစ်တာကြောင့် တစ်ချိန်ချိန်မှာတော့ ကစားသမားတွေဘက်က တာဝန်ယူဖို့ လိုအပ်ပါတယ်" လို့ ပီကေးက နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။