ဘင်ဖီကာနောက်ခံလူ ဒေါလ်ကို ယူနိုက်တက် စောင့်ကြည့်နေ
ဘင်ဖီကာအသင်းရဲ့ နောက်ခံလူ ဆင်မြူရယ်ဒေါလ်ကို မန်ချက်စတာယူနိုက်တက်အသင်းက စောင့်ကြည့်နေပါတယ်။
Record သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဒီရာသီတစ်လျှောက်လုံးနီးပါး အဲဒီဘယ်နောက်ခံလူကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ထားခဲ့တာပါ။
ဘင်ဖီကာအသင်းဟာ ဒေါလ်ကို ပြီးခဲ့တဲ့ရာသီမှာ အငှားနဲ့ခေါ်ယူခဲ့ပြီးနောက် ဒီနွေရာသီမှာတော့ ရိုးမားအသင်းဆီကနေ အပြီးသတ်စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကင်းထောက်တွေဟာ ဒေါလ်ရဲ့ခြေစွမ်းကို သဘောကျနေကြပြီး လာမယ့်နွေရာသီမှာ အသင်းဆီခေါ်ယူဖို့အတွက်ပါ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဒေါလ်နဲ့ ဘင်ဖီကာအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၉ ခုနှစ် နွေရာသီအထိ ရှိနေတာပါ။ အသက် ၂၃ နှစ်အရွယ် အဲဒီနောက်ခံလူဟာ ဒီတစ်ပတ်အတွင်း အောင်မြင်မှုတွေရခဲ့တဲ့ ဆွီဒင်အသင်းရဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ်လူစာရင်းမှာတော့ ရွေးချယ်ခံခဲ့ရခြင်း မရှိပါဘူး။
ဒေါလ်ဟာ လက်ရှိအချိန်အထိ ဆွီဒင်လက်ရွေးစင်အသင်းကြီးအတွက် နှစ်ပွဲ ကစားပေးထားပါတယ်။