အူဒီးနီးစ်တိုက်စစ်မှူး ဇန်နီယိုလိုကို မျက်စိကျနေတဲ့ အေစီမီလန်
အေစီမီလန်အသင်းဟာ အူဒီးနီးစ်တိုက်စစ်ကစားသမား နီကိုလို ဇန်နီယိုလိုကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ဇန်နီယိုလိုဟာ လက်ရှိမှာ ဂါလာတာစာရေးအသင်းကနေ အူဒီးနီးစ်ဆီ အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး ယူရို ၁၀ သန်းပေးရင် အပြီးသတ်ခေါ်ယူနိုင်ခွင့်ရှိပါတယ်။ Tuttosport သတင်းစာရဲ့ ဖော်ပြချက်အရ အူဒီးနီးစ်အသင်းဟာ ရာသီကုန်မှာ ဇန်နီယိုလိုကို အပြီးသတ်စာချုပ်ချုပ်ဖို့ စီစဉ်ထားပေမဲ့ သူဟာ အူဒီးနီးစ်မှာ ဆက်ရှိနေမှာ မဟုတ်ပါဘူး။ အေစီမီလန်နည်းပြ မက်စ် အယ်လီဂရီဟာ ဇန်နီယိုလိုတစ်ယောက် အူဒီးနီးစ်မှာ သူ့ရဲ့ကစားသမားဘဝကို အကောင်းဆုံးပြန်လည်ပျိုးထောင်နိုင်ခဲ့တာကို သဘောကျနေပြီး သူ့ကိုခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတာပါ။ အူဒီးနီးစ်အသင်း တာဝန်ရှိသူတွေဘက်ကလည်း သင့်တော်တဲ့ ဈေးနှုန်းတစ်ခုရမယ်ဆိုရင် ဇန်နီယိုလိုကို ချက်ချင်းပြန်ရောင်းပြီး အမြတ်ထုတ်ဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။