ယူနိုက်တက်နောက်ခံလူဟောင်း ဖိုဆူမန်ဆာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေ
မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း တီမိုသီ ဖိုဆူမန်ဆာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပါတယ်။
၂၀၂၃-၂၄ ရာသီအကုန်မှာ လေဗာကူဆင်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဖိုဆူမန်ဆာဟာ လက်ရှိမှာတော့ ပဲလေ့စ်အသင်းရဲ့ အသက် ၂၁ နှစ်အောက်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတယ်လို့ Daily Mail က ဖော်ပြထားပါတယ်။
အသက် ၂၈ နှစ်အရွယ် ဒီဒတ်ခ်ျလူမျိုးကစားသမားဟာ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်စတင်ဖို့အတွက် ကြံ့ခိုင်မှုပိုင်း ပြန်လည်ကောင်းမွန်လာအောင် အဓိကရည်ရွယ်ပြီး လေ့ကျင့်ခန်းဆင်းနေတာဖြစ်ကာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ အတော်လေးရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သူဟာ အေဂျက်လူငယ်အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ၅ နှစ်ကြာဖြတ်သန်းချိန်အတွင်း အသင်းအတွက် စုစုပေါင်း ပွဲပေါင်း ၃၀ အထိ ပါဝင်ကစားပေးခဲ့ပါတယ်။