The network connection is lost.

Banner Image

လီဗာပူးနည်းပြဖြစ်လာဖို့ဆိုတဲ့ ဂျရတ်ရဲ့အိမ်မက်တွေ လွင့်ပြယ်သွားပြီလို့ ဟက်စကီးထုတ်ဖော်ပြောဆို

လီဗာပူးတိုက်စစ်မှူးဟောင်းဟတ်စကီးက စတီဗင်ဂျရတ်ရဲ့ လီဗာပူးအသင်းနည်းပြဖြစ်လာနိုင်ခြေအလားအလာနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်မှ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ကလပ်အသင်းလက်မဲ့နည်းပြ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်အတွင်း လီဗာပူးနည်းပြအန်းစလော့အပေါ် ဖိအားတွေ များပြားလာချိန် ဂျရတ်ကို ကွင်းလယ်လူဟောင်း အလွန်ဆိုနဲ့အတူ အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ ရေပန်းစားခဲ့ပါသေးတယ်။

ဒါပေမဲ့ ဟက်စကီးက ToonieBet နဲ့ ပူးပေါင်းပြီး GOAL သတင်းဌာနဆီ ပြောကြားရာမှာတော့ ဂျရတ်အတွက် မကြာခင်မှာ လီဗာပူးနည်းပြရာထူးဆိုတာ အခွင့်အလမ်းမရှိသလောက်နည်းပါးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"လက်ရှိအချိန်မှာတော့ အဲဒီအိမ်မက်က ပျက်ပြယ်သွားပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါမှမဟုတ် ပျက်ပြယ်နေပြီလို့ပဲ ပြောရမလားပဲ။ ယူနိုက်တက်မှာ မိုက်ကယ်ကာရစ် ဘယ်လောက်တောင် ကောင်းကောင်း လုပ်ပြနေသလဲဆိုတာ ကြည့်လိုက်ပါ။ သူက မစ်ဒယ်ဘရော့မှထွက်လာတာ မကြာသေးသလို စနစ်တစ်ခုထဲမှာလည်း အချိန်အတော်ကြာ ရှိနေခဲ့ပါတယ်။ ဂျရတ်အတွက်လည်း နည်းပြလောကဆီ အမှန်တကယ်ပြန်ဝင်လာဖို့၊ အသင်းတစ်ခုကို ကိုင်တွယ်ဖို့နဲ့ ကွင်းဘေးမှာ ပြန်ရှိနေဖို့ လိုအပ်ပါတယ်" လို့ ဟက်စကီးက ဆိုပါတယ်။

"ဒီနေရာမှာ သင့်တော်တဲ့ကလပ်အသင်း၊ မှန်ကန်တဲ့စနစ်နဲ့ အတူတွဲလုပ်ရမယ့် နည်းပြအဖွဲ့ဝင်ကောင်းတွေကို ရှာဖွေနိုင်ဖို့လည်း လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါက တစ်ဦးတစ်ယောက်တည်းနဲ့ပဲ ဆိုင်တာမျိုး မဟုတ်လို့ပါပဲ။ ယာဂန်ကလော့ပ်က အဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်သူ ဖြစ်ခဲ့တာကို သတိရဖို့ လိုပါတယ်။ သူက သူတစ်ဦးတည်း အကုန်လုပ်ခဲ့တာ မဟုတ်ပါဘူး။ သူက လူတွေကို ဘာလုပ်ရမယ်ဆိုတာ လမ်းညွှန်ပေးတယ်၊ နေရာချထားပေးတယ်၊ နောက်ပြီး သူတို့ လုပ်ရမယ့်အလုပ်တွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေလည်း ပေးထားပါတယ်။ အရာအားလုံးက သင့်အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး၊ မှန်ကန်တဲ့လူတွေကို ရွေးချယ်တတ်ဖို့ပဲ လိုတာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျရတ်က လာမယ့်မတ် ၂၉ ရက်မှာ ကစားမယ့် လီဗာပူးဂန္ထဝင်တွေနဲ့ ဒေါ့မွန်ဂန္ထဝင်တွေရဲ့ရန်ပုံငွေပွဲစဉ်မှာ ရီနာ၊ ဒူးဒက်ခ်၊ ဟစ်ပီယာ၊ ဗစ်ဂ်နယ်လ်တို့နဲ့အတူ ပါဝင်ကစားသွားဖို့ ရှိနေပါတယ်။