ပရီးမီးယားလိဂ်ရဲ့အသက်အငယ်ဆုံးဂိုးသွင်းရှင် ဒိုမန်ကို အင်္ဂလန်ပထမတန်းလိဂ်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းရှင်က အကြံပြုစကားပြောကြား
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာတဲ့ အာဆင်နယ်ကစားသမား မက်စ်ဒိုမန်းကို ဂျေဆင်ဒိုဇဲလ်က အကြံပြုစကားတွေ ပြောကြားခဲ့ပါတယ်။
စနေနေ့မွန်းလွဲပိုင်းက ကစားခဲ့တဲ့ အဲဗာတန်ကို ၂-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဒိုမန်းက တစ်ကိုယ်တော်အစွမ်းပြပြီး လှလှပပ ဂိုးသွင်းယူခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။
ဒါပေမဲ့ အင်္ဂလန် ပထမတန်းလိဂ်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်စံချိန်ကိုတော့ ဒိုဇဲလ်ကပဲ ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အစ်ဝစ်ချ်အသင်းအတွက် ကိုဗင်ထရီနဲ့ပွဲမှာ ပွဲဦးထွက်ကစားရင်း အသက် ၁၆ နှစ်နဲ့ ၅၇ ရက်သားမှာတင် ဂိုးသွင်းယူခဲ့တာပါ။
အသက် ၁၆ နှစ်နဲ့ ၇၃ ရက်သာ ရှိသေးတဲ့ မက်စ်ဒိုမန်းဟာ ဂျိမ်းစ်ဗွန် နှစ်ပေါင်း ၂၀ ကြာ တင်ထားခဲ့တဲ့ ပရီးမီးယားလိဂ်စံချိန်ကိုတော့ ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒိုဇဲလ်ရဲ့ အသက်အငယ်ဆုံးစံချိန်ကိုတော့ ၁၆ ရက်အလိုနဲ့ မမီလိုက်တဲ့ လူငယ်ကစားသမားလေးကို သူက အခုလို အကြံပေးခဲ့တာပါ။
"မင်းဘေးနားက လူတွေကို သေချာရွေးချယ်ပါ၊ အဝိုင်းအဝန်းကို ကျဉ်းကျဉ်းလေးပဲ ထားပါ။ ကစားသမားတစ်ယောက်အပေါ် ကျရောက်လာမယ့် ဖိအားတွေနဲ့ ပတ်သက်လို့ ပြောရရင်တော့ မင်းက အရမ်းငယ်သေးတဲ့အတွက် ဒါတွေအားလုံးက မင်းခေါင်းပေါ်ကနေပဲ ကျော်သွားပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီအကြောင်းတွေကို အရမ်းကြီး ထည့်မစဉ်းစားပါနဲ့။ လက်ရှိရနေတဲ့ အခွင့်အရေးလှိုင်းကိုပဲ အမိအရစီးပြီး အကောင်းဆုံး ရှေ့ဆက်သွားဖို့ လိုပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ သူ့ဘေးမှာ လူကောင်းတွေ ရှိနေပါတယ်။ သူ့ရဲ့ဘဝကလည်း အတော်လေး တည်တည်ငြိမ်ငြိမ် ရှိပုံရပါတယ်။ သူက အနာဂတ်မှာ တကယ်ကို ကောင်းမွန်တဲ့ အရာတွေ လုပ်ပြနိုင်ဦးမယ့် ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒီနေရာမှာ မီခေးလ်အာတီတာက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေသလိုပဲ၊ ဝါရင့်ကစားသမားတွေမှာလည်း သူ့ကို ဂရုစိုက်စောင့်ရှောက်ပေးဖို့ တာဝန်ရှိပါတယ်" လို့ ဒိုဇဲလ်က ပြောကြားခဲ့ပါတယ်။
ဒိုမန်းရဲ့ဂိုးဟာ အာဆင်နယ်အသင်းအတွက် ချန်ပီယံဆု ရည်မှန်းချက်အတွက် အရေးပါတဲ့ အဖိုးတန် ၃ မှတ်ကို အတည်ပြုပေးနိုင်ခဲ့ပြီး ဒုတိယနေရာက မန်စီးတီးထက် ၉ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ် မျိုးဆက်သစ်ကြယ်ပွင့်လေးဟာ လက်ရှိမှာ ကျောင်းတက်နေဆဲဖြစ်လို့ ပညာရေးနဲ့ ဘောလုံးလောကကြားမှာ လျှောက်လှမ်းရာမှာ ဒိုဇဲလ်ရဲ့ အကြံပေးချက်တွေကို နားထောင်ထားတာက သူအတွက် အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။