အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကိုပဲ အာရုံစိုက်သင့်တယ်လို့အကြံပေးလာတဲ့ အမ်ဘရိုဆီနီ
အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားရဖို့ကိုပဲ အဓိကထားသင့်ပြီး ပထမဆုံးပန်းတိုင်က လိဂ်ဖလားဖြစ်သင့်တယ်လို့ အမ်ဘရိုဆီနီက ပြောကြားလိုက်ပါတယ်။ အေစီမီလန်ဂန္ထဝင်ကစားသမားကြီးဖြစ်သလို ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးတဲ့ မာစီမို အမ်ဘရိုဆီနီက အာဆင်နယ်အသင်းရဲ့ ဒီရာသီ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ဖွင့်ဟပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်က အာဆင်နယ်က အဲဗာတန်ကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ မန်စီးတီးက ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တာကြောင့် အာဆင်နယ်ဟာ ဇယားထိပ်မှာ ၁၀ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်က ၃၁ ပွဲကစားအပြီးမှာ ရမှတ် ၇၀ ရရှိထားပြီး မန်စီးတီးကတော့ ၃၀ ပွဲကစားအပြီးမှာ ရမှတ် ၆၁ မှတ် ရရှိထားပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ လက်ရှိခြေစွမ်းကိုသာ တသမတ်တည်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် ချန်ပီယံဆုက သူတို့လက်ထဲမှာပဲ ရှိနေမှာပါ။
ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း အာဆင်နယ်ဟာ လေဗာကူဆင်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် နည်းပြ အာတီတာရဲ့အသင်းဟာ ပြိုင်ပွဲအရပ်ရပ်မှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပါဝင်နေတဲ့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပေမဲ့ အမ်ဘရိုဆီနီကတော့ အာဆင်နယ်အနေနဲ့ လိဂ်ဖလားကိုပဲ ဘယ်လိုအာရုံစိုက်သင့်လဲဆိုတာကို Boyle Sports နဲ့ အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့ပါတယ်။
"လိဂ်ဖလားကို အနှစ် ၂၀ လောက် ဝေးကွာနေတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ပထမဆုံးပန်းတိုင်က အဲဒီဖလားကို ပြန်ရဖို့ပဲ ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်က တစ်ခါတလေ ပိုပြီးတော့တောင် ခက်ခဲတတ်လို့ပါ။ ကျွန်တော့်အမြင်အရတော့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၈ လတာအတွင်း ပြသခဲ့တဲ့ ခြေစွမ်းတွေအရ ဒီရာသီမှာ ချန်ပီယံဆုနဲ့ ထိုက်တန်ပါတယ်။ သူတို့ဆီမှာ ချန်ပီယံလိဂ်ဖလားကိုတောင် ရယူနိုင်တဲ့ လူအင်အားစု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်သာ အာဆင်နယ်ပရိသတ်တစ်ယောက်ဆိုရင်တော့ ဖလားတစ်ခုကိုပဲ ရွေးချယ်ရမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကိုပဲ အရင်ဆုံး ရွေးချယ်မိမှာပါ" လို့ သူက ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ဧပြီလ ၁၁ ရက်နေ့ကျမှ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို အိမ်ကွင်း အီးမရိတ်စတေဒီယံမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာတော့ သူတို့ဟာ ဒီရာသီရဲ့ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် မန်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။