ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပေမဲ့ တော့တင်ဟမ်ရဲ့ခြေစွမ်းအပေါ် အားရကျေနပ်နေတဲ့ တူဒေါ
အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်ခရီးလမ်းကို အဆုံးသတ်ခဲ့ရပေမဲ့ တော့တင်ဟမ်ကစားသမားတွေရဲ့စိတ်ဓာတ်တက်ကြွမှုက ပရီးမီးယားလိဂ်တန်းဆင်းဇုန်တိုက်ပွဲမှာ တိုးတက်မှုတွေရှိလာပြီဆိုတာကို ပြသနိုင်ခဲ့တယ်လို့ နည်းပြအီဂေါတူဒေါက ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်က ဗုဒ္ဓဟူးညပိုင်း၊ မြောက်လန်ဒန်အရပ်ဒုတိယအကျော့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိပေမဲ့ နှစ်ကျော့ပေါင်းရလဒ်အရ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
ထုတ်ပယ်ခံလိုက်ရတဲ့ သောမတ်စ်ဖရန့်ခ်ရဲ့နေရာမှာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ တူဒေါလက်အောက် တော့တင်ဟမ်က အစကနဦးလေးပွဲဆက် ရှုံးနိမ့်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သူတို့ရဲ့မျှော်လင့်ချက်တွေ ပြန်လည်မြင့်တက်လာခဲ့ပါပြီ။
လက်ရှိမှာ တော့တင်ဟမ်က ပရီးမီးယားလိဂ်တန်းဆင်းဇုန်နဲ့ တစ်မှတ်သာ ကွာဟနေပေမဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့မှုနဲ့ အခုနိုင်ပွဲတို့ကြောင့် ဆိုးရွားနေတဲ့ဘောလုံးရာသီအတွက် မျှော်လင့်ချက်တွေ ဖြစ်လာစေပါတယ်။
"ခံစားချက်တော့ ရောထွေးနေပါတယ်။ နောက်တစ်ဆင့်မတက်နိုင်ခဲ့တာကို သဘောမကျပေမဲ့ ဒါက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပွဲစကတည်းက အသင်းနဲ့အတူတသားတည်းရှိနေပေးတဲ့ ပရိသတ်တွေကြောင့် ကွင်းထဲမှာ တကယ့်ကိုကြည်နူးစရာကောင်းတဲ့ခံစားချက်မျိုး ခံစားခဲ့ရပါတယ်" လို့ တူဒေါက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း "ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့အတူ ကောင်းမွန်တဲ့အချက်တွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားတွေက ပွဲစတင်ချိန်မှာပဲ အားအင်အပြည့်နဲ့ ယုံကြည်မှုရှိရှိ ကစားခဲ့ကြပြီး ဒီအချိန်မှာ ခြေစွမ်းပြနိုင်ဖို့ဆိုတာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ခုမှာ ကျွန်တော်တို့ တိုးတက်လာခဲ့ပါတယ်" လို့ ဆိုခဲ့ပါတယ်။
တော့တင်ဟမ်က ပထမအကျော့ရလဒ်ပိုင်းအရ အခုလိုပြိုင်ပွဲမှထွက်ခွာလာရတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အက်သလက်တီကိုနဲ့ပွဲစဉ်ခြေစွမ်းပိုင်းက လတ်တလောကာလတွေအတွင်း အကောင်းဆုံးဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့် တန်းဆင်းဇုန်တိုက်ပွဲအတွက် အချိန်ကိုက်ပေါ်ပေါက်လာခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်က တော့တင်တမ်ရဲ့နောက်၊ တစ်မှတ်အကွာမှာရှိနေပေမဲ့ ဒီရလဒ်တစ်ခုတည်းနဲ့တော့ ဘောလုံးရာသီကို မဆုံးဖြတ်နိုင်ဘူးလို့ တူဒေါက အခိုင်အမာပြောကြားခဲ့ပါတယ်။
"တနင်္ဂနွေနေ့ပွဲစဉ်က အရေးကြီးပေမဲ့ အပြီးသတ်ဆုံးဖြတ်နိုင်ဖို့ မရှိသေးပါဘူး။ နောက်ဆုံးသုံးပွဲလောက်ကျမှပဲ အဖြေပေါ်လာပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။
"ဒီနေ့မှာတော့ ကျွန်တော်တို့ ကစားသမား ၁၁ ဦးနဲ့ ပွဲထွက်လာခဲ့ပြီး အရန်ခုံမှာ ဘာ့ဂျ်ဗော၊ အူဒိုဂီနဲ့ ဂလယ်ဟာတို့ ရှိနေခဲ့ပါတယ်။ သူတို့တွေ မိနစ် ၂၀ လောက်တော့ ကစားနိုင်လိမ့်မယ်လို့ အသင်းဆေးအဖွဲ့က ပြောထားပါတယ်။ ဒါကြောင့်လည်း ဒီစွမ်းဆောင်ရည်က ပိုပြီးတန်ဖိုးရှိလာသလို အနိုင်ရလဒ်က စိတ်ဓာတ်ပိုင်းအတွက် အရေးပါလာပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကတော့ တော့တင်ဟမ်ကို ခက်ခက်ခဲခဲကျော်ဖြတ်လာပြီးနောက် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာနဲ့ စပိန်ဒါဘီကို ဆင်နွှဲသွားရပါမယ်။