စီးရီးအေသို့ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ လီဝန်ဒေါစကီး
အီတလီစီးရီးအေကို ပြောင်းရွှေ့ဖို့ စဉ်းစားဖို့က အချိန်စောလွန်းသေးတယ်လို့ ဘာစီလိုနာတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီဝန်ဒေါစကီးကို ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
ပိုလန်တိုက်စစ်မှူးက La Gazzetta dello Sport သတင်းစာကို အခုလိုပြောခဲ့ပါတယ် - "အမှန်အတိုင်းပြောရရင် အခုလောလောဆယ် ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောစရာ ဘာမှမရှိသေးပါဘူး။ ကျွန်တော် ရိုးရိုးသားသားပဲ ပြောတာပါ။ အခုလောလောဆယ်မှာတော့ ဒီရာသီကို အနိုင်ပွဲတွေ၊ ဂိုးတွေနဲ့ ဆုဖလားတွေ အတတ်နိုင်ဆုံး အများဆုံးရအောင် ယူပြီးမှ အဆုံးသတ်နိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ အဲဒီနောက်ပိုင်းမှပဲ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ အခုချိန်မှာတော့ အဲ့ဒီအကြောင်းတွေကို မစဉ်းစားသေးသလို ဘာမှလည်း မဆုံးဖြတ်ရသေးပါဘူး၊ ဒါဟာ အခုလောလောဆယ် ဦးစားပေးကိစ္စ မဟုတ်သေးပါဘူး။"
ဒါပေမဲ့ သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းတုန်းက စီးရီးအေကို ပြောင်းရွှေ့ဖို့ တစ်ကြိမ် နီးစပ်ခဲ့ဖူးတယ်လို့ လီဝန်ဒေါစကီးက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ တော်တော်လေး ကြာခဲ့ပြီဖြစ်တဲ့ ကိစ္စတစ်ခုပါ။
"ကျွန်တော် စီးရီးအေကို ပြောင်းဖို့ နီးစပ်ခဲ့ဖူးသလားဆိုတော့... ၂၀၁၀ ခုနှစ်တုန်းက ကျွန်တော် ပိုလန်မှာပဲ ရှိသေးပြီး ဒေါ့မွန်ကို ပြောင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်ပေါ့။ အဲ့ဒီတုန်းက ဂျီနိုအာအသင်းက ကျွန်တော့်ကို ခေါ်ချင်နေလို့ ဆမ်ဒိုးရီးယားနဲ့ ကစားတဲ့ပွဲကို ကြည့်ဖို့ ဖိတ်ခဲ့ပါတယ်။ ကလပ်အသင်းရဲ့ အခြေအနေ၊ ကွင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှု အနေအထားတွေကို ကျွန်တော် ကိုယ်တိုင်လည်း သိချင်နေခဲ့တာပါ" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။