The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ပွဲမှ ယူနိုက်တက်ရဲ့အားနည်းချက်ကို ထောက်ပြလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်က ဝက်စ်ဟမ်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ သူ့အသင်းဟာ အကောင်းဆုံးပုံစံအတိုင်း မကစားနိုင်ခဲ့တဲ့အပေါ် အနည်းငယ် စိတ်ပျက်မိတယ် လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပွဲမစခင်မှာ ယုံကြည်မှုအပြည့်ရှိနေခဲ့ပေမဲ့ ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ ဝက်စ်ဟမ်းကစားသမား တောမတ်စ်ဆူချက်က ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့ ရုတ်တရက် တုန်လှုပ်သွားခဲ့ရပါတယ်။ လုခ်ရှောနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ရဲ့ ညံ့ဖျင်းတဲ့ ခံစစ်ကစားပုံကြောင့် ဂျရတ်ဘိုဝင်က ဘောလုံးရရှိသွားပြီး ဆူချက်ဆီ ပေးပို့နိုင်ခဲ့တာဖြစ်ပြီး ဆူချက်ကလည်း အမှားအယွင်းမရှိ အဆုံးသတ်ကာ ဂိုးသွင်းယူခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဦးဆောင်ဂိုးရပြီးနောက်မှာ ခံစစ်ကို စနစ်တကျ ပိတ်ဆို့ကစားခဲ့ပြီး ယူနိုက်တက်ကို အခက်တွေ့အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကာရစ်ရဲ့ ကစားသမားတွေဟာလည်း အဲဒီအခက်အခဲကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက်တို့ဟာ ကာရစ်လက်ထက်မှာ ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်ရတော့မယ်လို့ ထင်မှတ်ခဲ့ရပေမဲ့ လူစားဝင်ကစားသမား ဘင်ဂျမင်ဆက်စကိုက အသင်းကို ကယ်တင်ခဲ့ပါတယ်။ သူဟာ ဘရိုင်ယန်အမ်ဘွေမိုရဲ့ ပေးပို့မှုကို ပါးပါးနပ်နပ်နဲ့ အကောင်းဆုံး အဆုံးသတ်ကာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၃ က အက်စတွန်ဗီလာနဲ့ ၂ မှတ်ကွာဟနေကာ အဆင့် ၅ က ချယ်လ်ဆီးထက် ၁ မှတ်သာ သာလွန်နေပါတယ်။

ပွဲအပြီးမှာတော့ ကာရစ်က သူ့ရဲ့ကစားသမားတွေ အဆုံးထိ တိုက်ပွဲဝင်ခဲ့တာကို ချီးကျူးခဲ့ပေမဲ့ အသင်းရဲ့ ခြေစွမ်းဟာ ပုံမှန်ရှိသင့်တဲ့ အဆင့်အတန်းမျိုး မရှိခဲ့တဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပွဲရလဒ်နဲ့ပတ်သက်ပြီး ကာရစ်က "ကျွန်တော်တို့ ပုံမှန်ပါပဲ။ အနည်းငယ် စိတ်ပျက်မိတယ်လို့ ထင်ပါတယ်၊ အကောင်းဆုံးပုံစံမျိုးလည်း မဟုတ်ခဲ့တာတော့ အမှန်ပါပဲ။ အခုလို အချိန်မျိုးမှာတော့ နည်းလမ်းရှာပြီး ရှေ့ဆက်ရမှာပါပဲ" လို့ ဆိုပါတယ်။

"ဒါကို ကျွန်တော် အနည်းငယ် စိတ်ပျက်မိပါတယ်။ ဒီလိုကွင်းမျိုးမှာ လာကစားရတာ ခက်ခဲသလို ကျွန်တော်တို့မှာလည်း အဖြေရှာနိုင်ဖို့ လုံလောက်တဲ့ ထက်မြက်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ကတော့ ကောင်းမွန်နေတုန်းပါပဲ၊ ကျွန်တော်တို့ ဒီတစ်မှတ်ကို ယူပြီး ရှေ့ဆက်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

အသင်းရဲ့ ခြေစွမ်းအပေါ်မှာလည်း "ကျွန်တော်တို့ အတူတူရှိနေတဲ့ အချိန်တိုလေးအတွင်းမှာ အခုလို တစ်မှတ်ရခဲ့တာပါ။ ဒါဟာ လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး၊ ဒီညမှာ တစ်မှတ်ရဖို့ ကျွန်တော်တို့ နည်းလမ်းရှာနိုင်ခဲ့ပါတယ်။ အပြုသဘောဆောင်တဲ့ အချက်တချို့ကို ရရှိခဲ့ပါတယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဆက်စကိုရဲ့ ဂိုးနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ "တကယ့်ကို ကောင်းမွန်တဲ့ အဆုံးသတ်ပါ။ သူ နောက်တစ်ကြိမ် ထပ်လုပ်ပြနိုင်ခဲ့ပြန်ပြီ။ ဒါဟာ အရေးကြီးသလို ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခုလည်း ဖြစ်ပါတယ်။ သူ့အတွက် ဝမ်းသာပါတယ်၊ အသင်းအတွက် နောက်ထပ် အရေးကြီးတဲ့ ဂိုးဖြစ်သလို ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

ကစားသမားဘဝကို ဝက်စ်ဟမ်းမှာ စတင်ခဲ့တဲ့ ကာရစ်က သူ့ရဲ့အသင်းဟောင်းအနေနဲ့ ဒီရာသီမှာ တန်းမဆင်းရအောင် ရုန်းကန်နိုင်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။