The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပဲွစဉ်က ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းကို ချီးကျူးလိုက်တဲ့ လိဒ်စ်ယူနိုက်တက်နည်းပြ ဖာကီ

ယနေ့နံနက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး လိဒ်စ်ယူနိုက်တက်နည်းပြ ဒန်နီရယ်ဖာကီက ကစားသမားတွေရဲ့ စိတ်ဓာတ်ကို ချီးကျူးလိုက်ပါတယ်။ 
ပွဲချိန် တစ်နာရီမပြည့်ခင်မှာတင် ဂျာအိုပက်ဒရိုရဲ့သွင်းဂိုးနဲ့ ကိုးလ်ပယ်လ်မားရဲ့ ပင်နယ်တီဂိုးတွေကြောင့် ချဲလ်ဆီးက ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 
ဒါပေမဲ့ လိဒ်စ်အသင်းက အရှုံးမပေးဘဲ ပြန်ကစားခဲ့လို့ လူကပ်စ်အန်မီချာနဲ့ နိုအာ အိုကာဖော်တို့က ဂိုးတွေပြန်သွင်းပြီး အဝေးကွင်းမှ အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။ 
ပွဲအပြီးမှာ ဖာကီက"တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံးညတစ်ညပါပဲ။ လိဒ်စ်ယူနိုက်တက်နဲ့ ပတ်သက်နေသူတိုင်းအတွက်တော့ တကယ့်ကို ထူးခြားတဲ့ ညတစ်ညဖြစ်မှာ သေချာပါတယ်။ အခုလိုမျိုး နောက်ကနေ လိုက်ကစားနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေအတွက် တကယ်ကို ဂုဏ်ယူမိသလို သူတို့ကို ချီးကျူးစကားပဲ ပြောချင်ပါတယ်။ ချဲလ်ဆီးကွင်းမှာ ကစားရတာက တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ တန်းတက်အသင်းတစ်သင်းအနေနဲ့ ဒီကိုလာကစားရတဲ့အချိန်မှာ ကယ်ဗတ်လီ၀င်၊ အန်တွန်စတက်ရှ်၊ ပါစကယ်လ်စထရိုက်ခ် စတဲ့ အဓိက ကစားသမားတွေ မပါနိုင်ခဲ့ပါဘူး။ ပြောရရင် အသင်းရဲ့ ကျောရိုးဖြစ်တဲ့ ကစားသမားတွေ အားလုံးနီးပါး မပါနိုင်တဲ့ အခြေအနေမျိုးမှာ ကစားခဲ့ရတာပါ။ ချဲလ်ဆီးလို အသင်းမျိုးကို ၂ ဂိုးပြတ်နဲ့ ရှုံးနေချိန်မှာ တစ်ခါတလေ အခြေအနေတွေ အများကြီး ပိုဆိုးသွားနိုင်ပေမဲ့ ကျွန်တော့်ကစားသမားတွေဆီမှာတော့ 'ဘယ်တော့မှ အရှုံးမပေးတဲ့' စိတ်ဓာတ်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ ပြန်လာနိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုး သူတို့ဆီမှာ အမြဲရှိနေပါတယ်။
၂ ဂိုးစီ သရေဖြစ်သွားပြီးနောက်မှာတောင် ပွဲရဲ့ အရှိန်အဟုန်က ကျွန်တော်တို့ဘက်ကို ရောက်လာပြီး ပွဲကို အနိုင်အထိတောင် ပြောင်းလဲပစ်နိုင်မလားလို့ ခံစားခဲ့ရပါတယ်။ နောက်ဆုံး မိနစ်ပိုင်းတွေမှာတော့ ချဲလ်ဆီးဘက်က တိုက်စစ်တွေ အစွမ်းကုန်ဆင်လာလို့ ကျွန်တော်တို့ ခံစစ်ကစားခဲ့ရပါတယ်။ တစ်ခါဆိုရင် သူတို့ တကယ့်ကို ဂိုးရနိုင်တဲ့ အခွင့်အရေးကြီး ရခဲ့လို့ ကျွန်တော်တို့ နည်းနည်းကံကောင်းသွားတယ်လို့ ပြောရမှာပါ။ 
တကယ်တော့ ၂ ဂိုးပြတ်နဲ့ ရှုံးဖို့ ကျွန်တော်တို့မှာ အစီအစဉ်မရှိခဲ့သလို ဒီထက်ပိုကောင်းတဲ့ ရလဒ်မျိုးကိုလည်း မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံး မိနစ် ၂၀၊ ၃၀ လောက်မှာ အမှတ်ရအောင် ကစားမယ်ဆိုတဲ့အတိုင်း တကယ်ဖြစ်လာခဲ့ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်ကစားသမားတွေကြောင့်ပါပဲ။ သူတို့က ကျွန်တော်တို့အတွက် တကယ်ကို အဖိုးတန်တဲ့ အမှတ်တစ်မှတ်ကို ရအောင် ယူပေးနိုင်ခဲ့ကြတာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။