The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်း တိုးတက်ပြောင်းလဲလာမှုကို နစ်ကီဘတ် ချီးကျူး

ယူနိုက်တက် ကွင်းလယ်လူဟောင်း နစ်ကီဘတ်က ဝက်စ်ဟမ်းနဲ့ပွဲမှာ ဘင်ဂျမင်ဆက်စ်ကိုရဲ့ နောက်ကျလှပတဲ့ ဘော်လီကန်ချက် ချေပဂိုးကြောင့် သရေတစ်မှတ် ရရှိခဲ့ပြီးနောက် အသင်းရဲ့ စိတ်ဓာတ်ပိုင်း အသစ်ကို ချီးကျူးလိုက်သလို အခုရာသီမှာ အဆင့် ၄ အတွင်း ဝင်နိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး အရင်ပေးခဲ့ရသလို ဝက်စ်ဟမ်းရဲ့ တန်ပြန်တိုက်စစ်တွေကြောင့် အခက်တွေ့ခဲ့ရပေမဲ့ အသင်းရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ ပွဲပြီးခါနီး ၉၆ မိနစ်မှာ ဆက်စ်ကိုက လှပတဲ့ ဘော်လီကန်ချက်နဲ့ ချေပဂိုး သွင်းပေးခဲ့တာကြောင့် အရာထင်ခဲ့ပါတယ်။

ဒီသရေရလဒ်က ယူနိုက်တက်အတွက် အဆင့် ၄ အတွင်းဝင်ဖို့ မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက် ချယ်လ်ဆီးကလည်း လိဒ်ယူနိုက်တက်နဲ့ သရေကျခဲ့တာကြောင့် အခုဆိုရင် ယူနိုက်တက်ဟာ မနက်ဖြန် ဘရိုက်တန်နဲ့ ကစားမယ့် တတိယနေရာက အက်စတွန်ဗီလာနဲ့ ၂ မှတ်သာ ကွာပါတော့တယ်။

နစ်ကီဘတ်ကတော့ သူ့ရဲ့အသင်းဟောင်းဟာ အဆင့် ၄ အတွင်း ဝင်နိုင်ဖို့ အောင်မြင်မှုရလိမ့်မယ်လို့ အလျင်အမြန်ပဲ ထောက်ပြပြောဆိုခဲ့ပြီး ယူနိုက်တက်ပြသခဲ့တဲ့ မတူညီတဲ့ စိတ်ဓာတ်ပိုင်းကိုလည်း ချီးကျူးခဲ့ပါတယ်။

"ဒါက တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်လာမှာပါ။ အခုလို တစ်မှတ်ရပြီး ပြန်လာနိုင်တာ ကောင်းပါတယ်။ အဲဗာတန်နဲ့ပွဲမှာလည်း သူတို့ နိုင်အောင်ကစားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ရာသီအကုန်မှာ အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ နဲ့ အဆုံးသတ်နိုင်မှာဖြစ်ပြီး ဒါဟာ မိုက်ကယ် (ကာရစ်) နဲ့ ယူနိုက်တက်အတွက် တကယ်ကို ကောင်းမွန်တဲ့ ရာသီသိမ်းမှု ဖြစ်လာပါလိမ့်မယ်" လို့ ဘတ်က ပြောပါတယ်။

"လွန်ခဲ့တဲ့ ၆ ပတ်လောက်ကဆိုရင် ယူနိုက်တက်ဟာ ဒီလိုပွဲမျိုးကို ၂ ဂိုး သုည ဒါမှမဟုတ် ၃ ဂိုး သုညနဲ့ ရှုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့မှာ မတူညီတဲ့ စိတ်ဓာတ်ပိုင်းတွေ ရှိနေပြီ။ ကစားသမားစုဖွဲ့မှုရော၊ စီမံခန့်ခွဲမှုအဖွဲ့ပါ အသစ်ဖြစ်နေတာကြောင့် အခုလို ရလဒ်ကောင်းကို ရယူနိုင်တာပါ။ လွန်ခဲ့တဲ့ ၆ ပတ်ကဆိုရင်တော့ ဒီပွဲကို ကျိန်းသေပေါက် ရှုံးမှာပါ"

"အရင်ကဆိုရင် သူတို့ ခေါင်းငိုက်စိုက်ကျပြီး အရှုံးပေးလိုက်ကြမှာ သေချာပေမဲ့ အခုတော့ စိတ်ဓာတ်ပိုင်းက တခြားစီ ဖြစ်နေပါပြီ" လို့ သူက ဆက်ပြောပါတယ်။

ဒီသရေရလဒ်ကြောင့် ယူနိုက်တက်ဟာ လိဂ်ပွဲစဉ် ၁၂ ပွဲအလိုမှာ အဆင့် ၅ က ချယ်လ်ဆီးထက် တစ်မှတ်အသာနဲ့ ရပ်တည်နေပါတယ်။ ကာရစ်ရဲ့အသင်းဟာ အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရတာကြောင့် လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့ကျမှ ဟေးလ်ဒစ်ကင်ဆင်ကွင်းမှာ အဲဗာတန်နဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။