The network connection is lost.

Banner Image

ခါးနာဝေဒနာကြောင့် ဆေးရုံတက်ပြီး ဝှီးလ်ချဲပါ အသုံးပြုနေရတဲ့ ယူနိုက်တက်ဂန္ထဝင် ဖာဒီနန်

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ရီယိုဖာဒီနန်ဟာ ပြင်းထန်တဲ့ ခါးနာဝေဒနာကြောင့် ဝှီးလ်ချဲ အသုံးပြုနေရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် ဖာဒီနန်ဟာ ဘောလုံးလောကကနေ အနားယူခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ဖြစ်ပေမဲ့ ကစားသမားဘဝတုန်းက ရရှိခဲ့တဲ့ ခါးဒဏ်ရာတွေ စုပြုံလာခဲ့တာကြောင့် အခုလို ဆေးရုံတက်ပြီး ကုသမှုခံယူနေရတာပါ။

ဖာဒီနန်က Men’s Health UK နဲ့ အင်တာဗျူးမှာ "ကျွန်တော် ခါးနာနေတာ ကြာပါပြီ။ ကစားသမားဘဝတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေပေါ့။ အဲဒီတုန်းက ပွဲတွေကစားနိုင်ဖို့အတွက် ၆ နှစ်လောက် ဆေးတွေသောက်၊ ဆေးတွေထိုးပြီး ကစားခဲ့ရတာပါ" လို့ ပြောပြခဲ့ပါတယ်။

"ဒါတွေက ကျွန်တော့်အပေါ် သက်ရောက်မှုရှိလာတယ်။ တစ်ခါတလေ ခါးအရမ်းနာလာရင် ဆေးရုံမှာ ရက်အနည်းငယ်ကြာအောင် နေရတာမျိုး ဒါမှမဟုတ် ဝှီးချဲလ်နဲ့ ရက်အနည်းငယ် သွားလာရတာမျိုးတွေ ရှိလာတယ်။ တကယ်ကို ရူးချင်စရာပါပဲ၊ အကောင်းကြီးကနေ ရုတ်တရက်ကြီး ဖြစ်လာတာမျိုးပါ" လို့ သူက ဆက်ပြောပါတယ်။

"အနားယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် (Physio) နဲ့ ပြသနေပါတယ်။ သူက လိုအပ်တဲ့ ကုသမှုတွေ အများကြီး လုပ်ပေးနေသလို သူ့ရဲ့ အဆောက်အအုံထဲမှာပဲ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သင်တန်းဆရာ (Personal Trainer) လည်း ရှိနေတော့ သူတို့အချင်းချင်း ကျွန်တော့်ရဲ့ လေ့ကျင့်ခန်းအခြေအနေတွေကို တိုင်ပင်ကြပါတယ်"

"အခု ကျွန်တော်လုပ်နေတဲ့ အရာတွေက အလုံးစုံပါဝင်တဲ့ ကုသမှုပုံစံမျိုးဖြစ်ပြီး ဒါဟာ ကျွန်တော့်အတွက် အကျိုးရှိလာမယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုခုပျက်စီးသွားမှ ပြန်ပြင်တာထက် ဒဏ်ရာတွေကို ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။ အခုတော့ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိသွားပါပြီ။ ဒါပေမဲ့ ကျွန်တော့်အသက်က ၄၇ နှစ် ရှိနေပြီလေ၊ ဒီလိုသိဖို့အတွက် အချိန်တွေ အများကြီး ပေးလိုက်ရတယ်" လို့လည်း ဖာဒီနန်က ဆိုပါတယ်။

ဖာဒီနန်ဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ဒဏ်ရာရရှိမှု ၁၁ ကြိမ်သာ ရှိခဲ့ဖူးပြီး အကြာဆုံး အနားယူခဲ့ရတဲ့ အချိန်ကတော့ ၂၀၀၉-၁၀ ရာသီတုန်းက "ခါးပြဿနာ" ကြောင့် ၂ လကြာ အနားယူကာ ၁၅ ပွဲ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်အပါအဝင် အဓိကဆုဖလား ၁၄ လုံးအထိ ရရှိခဲ့တဲ့ ဒီပရီးမီးယားလိဂ် အိုင်ကွန်ကြီးဟာ အောင်မြင်ပေမဲ့ ပင်ပန်းခက်ခဲခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝရဲ့ အကျိုးဆက်တွေကို အခုအချိန်မှာ ခံစားနေရတာလည်း ဖြစ်ပါတယ်။