ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်နိုင်တယ်လို့ယုံကြည်ကြောင်း ပြောကြားလာတဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာ
အာဆင်နယ်ဗဟိုခံစစ်မှူး ဝီလီယမ်ဆာလီဘာက အသင်းဟာ လက်ရှိယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲအားလုံးမှာ အနိုင်ရဗိုလ်စွဲနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာရောက်ရှိနေဆဲဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အကုန် ၂၀၂၆ ခုနှစ်အစမှာလည်း ပြိုင်ပွဲတွေမှ ပွဲစဉ်အမြောက်အမြားကို ဆက်လက်ကစားသွားရဦးမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန်ပြည်တွင်းပြိုင်ပွဲတွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ ကာရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်သလို၊ ချန်ပီယံလိဂ်မှာလည်း အမှတ်ပေးဇယားကိုထိပ်ဆုံးကဦးဆောင်ထားတာကြောင့် နောက်တစ်ဆင့်ကို သေချာပေါက်တက်ရောက်ထားနိုင်ပြီဖြစ်ပါတယ်။
ယခုအခါမှာ ဆာလီဘာက "ကျွန်တော်တို့မှာ ကစားဖို့ပွဲတွေအများကြီးရှိနေတယ်ဆိုတာ ကျွန်တော်တို့အရမ်းကောင်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဆက်ပြီး ကြိုးစားသွားရပါမယ်။ ဇန်နဝါရီမှာ ဒဏ်ရာရနေတဲ့အသင်းဖော်တွေပြန်လာပြီး ကျွန်တော်တို့ကိုကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့က ပြိုင်ပွဲတိုင်းမှာ အခြေအနေကောင်းနေလို့ အရှိန်မပြတ်ရှေ့ဆက်သွားနိုင်ဖို့ပဲလိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီလအတွင်း အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၉ ပွဲအထိကစားသွားရဖို့ရှိနေပြီး ဒီလိုပွဲဆက်တွေများနေခြင်းက အသင်းရဲ့အင်အားအတွက် စမ်းသပ်မှုတစ်ခုလည်းဖြစ်လာစေပါတယ်။ ဒီရာသီမှာ ဆုဖလားတွေရနိုင်မယ်လို့ မျှော်လင့်ထားခြင်းရှိမရှိမေးမြန်းခဲ့ရာမှာ ပြင်သစ်လက်ရွေးစင်က "ကျွန်တော်တို့ ဆုဖလားတိုင်းကိုဆွတ်ခူးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ရနိုင်တယ်လို့ယုံကြည်ထားလို့ပါ"
"ပြီးခဲ့တဲ့ ၃ ရာသီစလုံး ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားရဖို့ အရမ်းနီးစပ်ခဲ့သလို၊ ကာရာဘောင်ဖလားမှာလည်း ဆီမီးဖိုင်နယ်အထိတက်လှမ်းနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ အနိုင်ရနိုင်တယ်ဆိုတာ သိထားပေမယ့်ဒါကို ကွင်းထဲမှာသက်သေပြနိုင်ဖို့လည်း လိုပါသေးတယ်"
"ဘောလုံးကစားသမားဘဝ အဆုံးသတ်တဲ့အခါ ဆုဖလား ဘယ်နလုံးရခဲ့သလဲဆိုတာပဲ ရေတွက်ကြတာပါ။ ကာရာဘောင်ဖလားလည်း ဒီထဲမှာပါဝင်ပါတယ်။ အခုချိန်မှာ ဆီမီးဖိုင်နယ်ရောက်နေပြီဆိုတော့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့ ဆက်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။