ဖာနန်ဒက်စ်က အစားထိုးလို့မရနိုင်တဲ့ကစားသမားဖြစ်တယ်လို့ ဆိုလာတဲ့အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ဒဏ်ရာပြဿနာကြောင့် ၁ လနီးပါးအနားယူသွားရမယ့် အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က အစားထိုးဖို့မဖြစ်နိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမပိုင်းအတွင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာမယ့်စနေနေ့ နယူးကာဆယ်နဲ့ပွဲစဉ်ကို လွဲချော်သွားဖို့သေချာနေပါတယ်။
နည်းပြရူဘင်အာမိုရင်အနေနဲ့ ဖာနန်ဒက်စ်တစ်ယောက်ဘယ်လောက်အထိအနားယူရနိုင်တယ်ဆိုတာ တိတိကျကျပြောကြားထားခြင်းမရှိပေမယ့် ယူနိုက်တက်အတွင်းသတင်းတွေအရ ပေါ်တူဂီသားဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာသာပြန်လည်ပါဝင်လာနိုင်တယ်လို့သိရတာကြောင့် စုစုပေါင်း ၅ ပွဲခန့်လွဲချော်သွားဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘရိုင်ယန်အမ်ဘွေမိုနဲ့ အာမက်ဒီယာလိုတို့ဟာ အာဖရိကဖလားပြိုင်ပွဲတွေကြောင့် လက်ရွေးစင်အသင်းတွေမှာရောက်ရှိနေသလို၊ ဖာနန်ဒက်စ်နေရာမှာအစားထိုးမယ့် ကိုဘီမိုင်နူးကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အနားယူနေရပါတယ်။
အာမိုရင်က "ဖာနန်ဒက်စ်နေရာမှာအစားထိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီနေ့မနက်မှာပဲ အသင်းနဲ့လုပ်နဲ့အစည်းအဝေးမှာ ဒီလိုပဲပြောခဲ့ပါတယ်။ ဒီအခြေအနေမှာ အကောင်းဆုံးလုပ်နိုင်တာကတော့ ကျန်တဲ့ကစားသမားတွေအနေနဲ့ သူတို့တာဝန်ကိုသူတို့အပြည့်အဝယူပြီး အကောင်းဆုံးကစားဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဘရူနိုဟာ ယူနိုက်တက်ကိုစတင်ရောက်ရှိလာချိန်ကတည်းက ကောင်းမွန်တဲ့ကြံ့ခိုင်မှုမှတ်တမ်းကိုပိုင်ဆိုင်ထားသူဖြစ်ပြီး ၆ နှစ်အတွင်းမှာ ဒဏ်ရာပြဿနာကြောင့် ၂ ပွဲသာလွဲချော်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ၅ ပွဲလောက်လွဲချော်သွားမှာဖြစ်လို့ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ အရှည်ကြာဆုံးသော ပျက်ကွက်မှုဖြစ်လာဖို့ရှိပါတယ်။
ဆက်လက်ပြီး အာမိုရင်က "ဖာနန်ဒက်စ်က ဂိုးဖန်တီးပေးရုံတင်မဟုတ်ပါဘူး။ တည်ကန်ဘောတွေမှာ စနစ်တကျဖြစ်အောင်ကူညီပေးပြီး ကွင်းထဲကနေရာတိုင်းမှာလည်း အသေးစိတ်ကိုဂရိုစိုက်တတ်ပါတယ်။ လူစားလဲပြီးတဲ့အချိန်မှာတောင် ကွင်းပြင်ကနေ အသင်းဖော်တွေကို ကူညီပေးတတ်ပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။