မိုင်နူးကိုချန်လှပ်ထားလို့ ဝေဖန်ခံနေရမှုတွေကို ကာကွယ်ပြောဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်ဟာ ကွင်းလယ်ကြယ်ပွင့်ကစားသမားလေး ကိုဘီမိုင်နူးကို အသုံးပြုခြင်းမရှိဘဲ ဆက်တိုက်ချန်လှပ်နေတာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပြီး ယခုအခါမှာတော့ ကစားသမားကို ဘာကြောင့်ပွဲထွက်ခွင့်မပေးသလဲ ရှင်းပြလာခဲ့ပါတယ်။
အသက်-၂၀ နှစ်အရွယ်သာရှိသေးတဲ့မိုင်နူးဟာ ခြေစွမ်းကောင်းရှိပေမယ့် ယခုရာသီအတွင်း ယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ်သာ ၉ ပွဲအထိပါဝင်ကစားခွင့်ရထားပြီး စတုတ္ထတန်းကလပ် ဂရင်းစ်ဘီကိုရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲမှာသာ ပွဲထွက်ကစားခွင့်ရထားပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ငယ်မွေးခြံပေါက်ကစားသမားဟာ ၂၀၂၄ ခုနှစ်ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရလောက်တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အာမိုရင်ရဲ့ချန်လှပ်မှုကို ဆက်တိုက်ခံနေရတာလည်းဖြစ်ပါတယ်။
ယခုအခါမှာ မိုင်နူးကိုဘာကြောင့်အရန်ကစားသမားအဖြစ်သာ အသုံးပြုနေတာလဲဆိုတဲ့မေးခွန်းကို အာမိုရင်က "ခင်ဗျားတို့ဘာကြောင့် ဒီလိုမေးလဲ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်အလုပ်ကလည်း ဒါတွေကိုဖြေဖို့ပါ။ ဒါပေမယ့် ဒီမေးခွန်းကိုပဲ ထပ်ကာထပ်ကာမေးနေကြပါတယ်။ ခင်ဗျားတို့ပြောတာကိုကျွန်တော်နားလည်ပါတယ်။ ကိုဘီမိုင်နူးကို ခင်ဗျားတို့သဘောကျတယ်မဟုတ်လား။ သူက အင်္ဂလန်အတွက်ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မိုင်နူးကိုအသုံးမပြုသင့်ဘူးလို့ခံစားရတဲ့အခါ အသုံးမပြုဘဲနေမှာပါပဲ။ ဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါ"
"ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်း ကျွန်တော်မသိပါဘူး။ ဒါက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပါတယ်။ သူက အသင်းအတွက်အကောင်းဆုံးဖြစ်စေမယ်ဆိုရင် ကျွန်တော်သုံးမှာပါပဲ။ ကျွန်တော်လည်းအနိုင်ရချင်တဲ့သူပါ။ ဒါကြောင့် ဘယ်ကစားသမားတွေအသင်းမှာကစားသင့်တယ်ဆိုတာမကြည့်ဘဲ အသင်းနိုင်ပွဲရစေမယ့်အကောင်းဆုံးသူတွေကိုပဲ ရွေးချယ်မှာပါ" လို့ဖြေကြားခဲ့ပါတယ်။
လာမယ့်ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ယူနိုက်တက်ဟာ ဝုဗ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။